NLD ရွေးကောက်ပွဲအောင်မြင်မှု ဗြိတိန်မှာ ဂုဏ်ပြုပွဲကျင်းပ


2016.04.13
nld-supporters-620.jpg NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ထောက်ခံသူတွေကို တွေ့ရစဉ်
Photo: RFA

NLD အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲအောင်မြင်မှုနဲ့ ပတ်သက်တဲ့ အခမ်းအနားတစ်ခုကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့က လွှတ်တော်ဝင်းအတွင်းမှာရှိတဲ့ Churchill အဆောင်မှာ ဧပြီလ ၁၃ ရက် အင်္ဂါနေ့ညက ကျင်းပခဲ့ကြ ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကာလအတွင်း NLD ပါတီအောင်နိုင်ရေးအတွက် ဗြိတိန်နိုင်ငံကိုရောက်နေကြတဲ့ မြန် မာနိုင်ငံသားတွေ စည်းရုံးလှုံ့ဆော်ခဲ့မှု၊ ဗြိတိန်အမတ်တွေရဲ့ ကူညီပံ့ပိုးမှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီအခမ်းအနားကို ကျင်းပတာလို့ လန်ဒန်မှာနေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးခွန်ဆိုင်းက RFA ကိုပြောပါ တယ်။

"နှစ် ၅ဝ ပြည့်မှာ မြန်မာနိုင်ငံမှာ ဒီလိုဖြစ်ပေါ်ပြောင်းလဲတိုးတက်မှုမျိုး တစ်ခါမှမဖြစ်ခဲ့ဘူးပေါ့နော်၊ ဒီနေ့ အရပ်သားအစိုးရတက်လာတယ်၊ ဒေါ်စုကလည်း ဒီနိုင်ငံမှာ နိုင်ငံရေးလေ့လာခဲ့ပါတယ်၊ အင်္ဂလန် အနေနဲ့လည်း မြန်မာနိုင်ငံကို ထဲထဲဝင်ဝင်ကူညီခဲ့တာရှိတယ်၊ ဘယ်အစိုးရတက်တက်ပါ လေဘာအစိုးရ တက်တက် ကွန်ဆာဗေးတစ်အစိုးရတက်တက် မြန်မာ့ဒီမိုကရေစီအရေးကို တက်လာတဲ့အစိုးရက အားပေးထောက်ခံကြတယ်၊ အခု NLD အောင်ပွဲရလာတဲ့အခါကျတော့ သူတို့ဝမ်းသာကြတယ်ပေါ့နော်၊ ဗြိတိန်နိုင်ငံရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံးကရော ဗြိတိန်အမတ်တွေကရော ဝမ်းသာကြိုဆိုကြတယ်"

ဒီဂုဏ်ပြုပွဲအခမ်းအနားမှာ NLD ပါတီ သဘာပတိ ဦးတင်ဦးရဲ့ ကျေးဇူးတင်စကားကိုလည်း ဗွီဒီယိုအခွေနဲ့ ပြသခဲ့ပြီး ဗြိတိန်ကွန်ဆာဗေးတစ်ပါတီအမတ် Mr. John Bercow နဲ့အတူ တခြားလွှတ်တော်အမတ် ၂ ဦးလည်း တက်ရောက် အမှာစကားပြောခဲ့ပါတယ်။

ဒီအခမ်းအနားကို ဗြိတိန်လွှတ်တော်အမတ်တချို့၊ မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ၊ လန်ဒန်အခြေစိုက် Burma Campaign UK အဖွဲ့အပါအဝင် လူအခွင့်ရေးလှုပ်ရှားနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပြီး မြန်မာ့အကအလှတွေ၊ သီချင်းတွေနဲ့ ပါသီဆိုဖျော်ဖြေခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။