အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်းထဲမှာ လူငယ် သုံးပုံတစ်ပုံ ပါဝင်

ဧပြီ ၁ ရက်မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်းတွေထဲမှာ လူငယ် အရေအတွက် သုံးပုံတစ်ပုံ ပါဝင်မယ်လို့ ရန်ကုန်တိုင်း မဲဆန္ဒနယ်မြေ တစ်နေရာက ပါဝင် ယှဉ်ပြိုင်မယ့် ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုဖြိုးမင်းသိန်းက ပြောပါတယ်။

2012.01.10
assk_t-shirt_nld_youth_305_z.png ‘ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ...’ ဟူသော စာတမ်းပါ တီရှပ်ဆင်တူ ဝတ်ဆင်၍ နိုဝင်ဘာ ၁၂ ရက်က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည် လွတ်လာမည်ဟု မျှော်လင့် စောင့်ဆိုင်းနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“အဖွဲ့ချုပ်ထဲကို ၈၈ မျိုးဆက်ကနေ ကျောင်းသားတွေဟာ အစုအဖွဲ့နဲ့ ဝင်ရောက်မှာ မဟုတ်ဘူး။ တစ်ဦး တစ်ယောက်ချင်းစီရဲ့ လွတ်လပ်တဲ့ သဘောဆန္ဒတွေ အပေါ်ကနေ ဝင်ရောက် ဆောင်ရွက်လာမှာ ဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ် အနှံ့၊ ပြောမယ်ဆိုရင် နယ်မြို့တွေက လူတွေ တော်တော် များများဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ ရပ်တည်ကြဖို့ ဆန္ဒ သဘောထား ရှိပါတယ်။ ရန်ကုန်မှာတော့ တချို့က အဖွဲ့ချုပ်ရဲ့ ပြင်ပကနေပြီးတော့ပဲ ဝိုင်းရံမယ်ဆိုတဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ အခုကာလမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး တစ်ရပ်ကို ဆောင်ရွက်နေတဲ့ အခြေအနေမှာ ၂၀၁၀ ကြားဖြတ် ရွေးကောက်ပွဲကို ဒီမိုကရေစီရေး တိုက်ပွဲ အသွင်သဏ္ဌာန်နဲ့ လူထုပါဝင်တဲ့ လူထုလှုပ်ရှားမှုပုံစံ ကျွန်တော်တို့ ဆောင်ရွက်သင့်ပါတယ်။ ဒါဟာ ဒီမိုကရေစီရေး အတွက် လှုပ်ရှားမယ့် ဒီမိုကရေစီ တိုက်ပွဲ တစ်ခုပါ။”

လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရဲ့အရည်အချင်းမှာလည်း ဒီမိုကရေစီရေး အပေါ် သစ္စာစောင့်သိသူတွေ၊ ပညာ အရည်အချင်းနဲ့ အလုပ်အကိုင် အတွေ့အကြုံ ရှိသူတွေ၊ တိုင်းရင်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူငယ်တွေကို ဦးစားပေးမယ်လို့ အန်အယ်လ်ဒီက ကြေညာထားပါတယ်။

ဝင်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည် စာရင်းတွေကိုတော့ အန်အယ်လ်ဒီ ပါတီကို မနက်ဖြန် နောက်ဆုံး စာရင်း ပေးသွင်းရပါမယ်။

ဒီအတောအတွင်း မနေ့က ကျင်းပတဲ့ အန်အယ်လ်ဒီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ကော့မှူးမြို့နယ်ကနေ မိမိ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း တင်ပြခဲ့ပြီး ဗဟို အလုပ်အမူဆောင် အဖွဲ့ကလည်း အတည်ပြုခဲ့တယ်လို့ သိရပါတယ်။ လာမယ့် ဧပြီ ၁ ရက်မှာ ကျင်းပဖို့ရှိတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာအနက် အန်အယ်လ်ဒီ ပါတီက ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းများရဲ့ အမည်စာရင်းကို ဇန်နဝါရီ ၁၁ ရက်နောက်ပိုင်းမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။