မြောက်ကိုရီးယား သံအမတ်ကြီးနေရာ အစားထိုးလဲလှယ်မည်


2016.03.19

အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရတို့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ မြောက် ကိုရီးယား သံအမတ်ကြီးကို လူစားထိုးတော့မယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ဖော်ပြ ပါတယ်။

မြောက်ကိုရီးယားသံအမတ်ကြီး ကင်စုတ်ချောင် (Kim Sok Chol) ဟာ မြန်မာနဲ့ မြောက်ကိုရီးယား သံအဆက်အသွယ်တွေ ပြန်လည်စတင်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ သံအမတ်ကြီး တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

သူ့နေရာမှာ ဂျောင်ဟိုဘွမ် (Jong Ho Bom) ဆိုသူနဲ့ အစားထိုးမှာ ဖြစ်တယ်လို့ KCNA သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ ရှေ့လတက်လာတော့မယ့် အရပ်သားအစိုးရနဲ့ အဆင်ပြေအောင် အခုလို သံအမတ်သစ်နဲ့ အစားထိုးလဲလှယ်တာ ဖြစ်နိုင်တယ်လို့ ကိုရီးယားအရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။

မြောက်ကိုရီးယားသံအမတ်ကြီး ကင်စုတ်ချောဟာ မြောက်ကိုရီးယား လက်နက်ရောင်းဝယ်ရေး ကုမ္ပဏီဖြစ်တဲ့ ကိုရီးယားသတ္တုဖွံ့ဖြိုးရေး ကုန်သွယ်ရေးကော်ပိုရေးရှင်း တာဝန်ခံအဖြစ် မြန်မာနိုင်ငံမှာ တာဝန်ယူ ဆောင် ရွက်ပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

သာမန်အားဖြင့် သံအမတ်ကြီးတစ်ယောက်ရဲ့တာဝန်ဟာ ၃ နှစ်ကနေ ၅ နှစ်အထိဖြစ်ပေမယ့် သူကတော့ ၉ နှစ်လောက် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ သံအမတ်ကြီးတာဝန်ထက် လက်နက် အရောင်းအဝယ်နဲ့ဆိုင်တဲ့အလုပ်တွေ လုပ်နေခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယား အမျိုးသားလုံခြုံရေး မဟာဗျူဟာသိပ္ပံက အကြီးတန်းသုတေသီ ကင်ဂေါင်ဂျင်က ပြောပါတယ်။ မြောက်ကိုရီးယားသံအမတ်ကြီးဟာ ပြုံးယမ်းမြို့ကို အခုမတ်လလယ်ပိုင်းမှာ ပြန်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံစလုံးဟာ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားရတဲ့ နိုင်ငံတွေဖြစ်ပါတယ်။

မြန်မာစစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာ မြောက်ကိုရီးယားအစိုးရထံက စစ်လက်နက်ဝယ်ယူမှုနဲ့ ပတ်သက်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂ဝ၁၃ ခုနှစ် ဇူလိုင်လအတွင်း နာမည်ပျက်စာရင်းသွင်းပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာ ထည့်သွင်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။