သိန္နီနဲ့ ကွတ်ခိုင်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းအဖွဲ့ တိုက်ပွဲပြင်းထန်နေ
2024.01.02

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေမှာ ဒီဇင်ဘာလ ၁ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သိန္နီမြို့နယ်အတွင်းမှာ ဒီဇင်ဘာ ၁ ရက် မနေ့ညပိုင်းကနေ ဒီနေ့နေ့လယ်ပိုင်းအထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သိန္နီမြို့အဝင်က အိမ်တွေ လေယာဉ်ဗုံးကြဲခံရလို့ ပျက်စီးတာတွေရှိတယ်။ မြောက်ပိုင်း အဖွဲ့က တံတားတစ်ဖက်မှာရှိတဲ့ စစ်တပ်တွေကို ဝင်တိုက်နေတာ။ တိုက်ပွဲက တော်တော်ပြင်းပြင်းထန်ထန် ဖြစ်နေတယ်”
အောက်တိုဘာ ၂၇ ရက်ကတည်းက သိန္နီမြို့ပေါ်ကို MNDAA တပ်ဖွဲ့က ထိန်းချုပ်ထားပြီး မြို့တစ်ဖက်မှာရှိနေတဲ့ စစ်ကောင်စီရဲ့ စကခ (၁၆) လက်အောက်ခံတပ်တွေနဲ့ တိုက်ပွဲဖြစ်နေတာပါ။
ဒီရက်ပိုင်းမှာတော့ တိုက်ပွဲအခြေအနေ ပိုပြင်းထန်လာနေပြီး တိုက်ပွဲကြောင့် သိန္နီမြို့ပေါ်နဲ့ အနီးအနားရွာတွေက ဒေသခံတစ်သောင်းကျော် လားရှိုးနဲ့ နီးစပ်ရာမြို့တွေကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကွတ်ခိုင်မြို့ပေါ်မှာတော့ ရပ်ကွက် (၈)၊ ရပ်ကွက် (၃)၊ ရပ်ကွက် (၄) နဲ့ မြို့အထွက် လွိုင်ဆမ်ဆစ်တောင်ကုန်း အနီးမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဘက်က ကွတ်ခိုင်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ကွတ်ခိုင်မြို့ ရပ်ကွက် (၄) မှာတော့ လက်နက်ကြီးကြောင့် အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမယ့် တိုက်ပွဲအခြေအနေကြောင့် အတိအကျမသိရသေးဘူးလို ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့ပေါ်က ဒေသခံ ထောင်နဲ့ချီလည်း ဘေးလွတ်ရာ ထွက်ပြေးနေကြတယ်လို့ ဆိုပါတယ်။
သိန္နီနဲ့ ကွတ်ခိုင်မြို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ကတော့ ကွတ်ခိုင်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဇန်နဝါရီလ ၁ ရက် မနေ့က သတင်းထုတ်ပြန်ထားပါတယ်။
မြောက်ပိုင်းညီနောင်သုံးဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသက ချင်းရွှေဟော်၊ ကွမ်လုံ၊ ကုန်းကြမ်း၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တွေကို သိမ်းပိုက်ထားပါတယ်။
ဇန်နဝါရီလ ၂ ရက်နေ့အထိ ရှမ်းမြောက်ဒေသ လောက်ကိုင်၊ လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်နဲ့ ကျောက်မဲမြို့တွေမှာ စစ်ရေးအခြေအနေ ဆက်လက်တင်းမာနေပါတယ်။