ဆင်းရဲမှုဖုံးကွယ်တဲ့ မြန်မာအစိုးရ ကို နော်ဝေအစိုးရ အံ့သြဝမ်းနည်း


2014.12.05
gaw-wein-305 ဧရာဝတီမြစ်ကမ်းဘေး ဂေါဝိန်ဆိပ်ကမ်းကို တွေ့ရစဉ်
Photo: Henrik Myhr Nielsen / NRK

နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ မန္တလေးခရီးစဉ်နဲ့ ပတ်သက်ပြီး ဧရာဝတီမြစ်ကမ်းဘေး ဂေါဝိန် ဆိပ်အနီးက ဆင်းရဲသားနေအိမ်တွေ အဓမ္မဖျက်သိမ်း ဖယ်ရှားခံခဲ့ရကြောင်း ကြားသိရတဲ့အတွက် အလွန် အံ့အားသင့်မိပြီး၊ ဒီလုပ်ရပ်အပေါ် စိတ်ပျက်ဝမ်းနည်း ရကြောင်း နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ပြောဆိုလိုက်ပါတယ်။

နော်ဝေ လွှတ်တော် နိုင်ငံခြားရေးရာနဲ့ ကာကွယ်ရေးကော်မတီအဖွဲ့ဝင် Halleraker က တိုင်းပြည်ဆင်းရဲတာကို ဖုံးကွယ်ဖို့ကြိုးစားတဲ့အနေနဲ့ လူတွေနေထိုင်ရာ နေရာတစ်ခုကို ဖယ်ရှားပစ် တဲ့ မြန်မာအာဏာပိုင်တွေကို ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး၊ မြန်မာနိုင်ငံ ဆင်းရဲတယ်၊ အဲ့ဒီဆင်းရဲတဲ့ကိစ္စကိုက နော်ဝေက ကူညီဖြေရှင်းချင်နေတဲ့ကိစ္စပါ ၊ မြန်မာဟာ နားလည်မှုလွဲနေတယ်လို့ နော်ဝေအသံလွှင့်ဌာန NRK ကို ပြောဆိုခဲ့တာပါ။

နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန ဆက်သွယ်ရေးဆိုင်ရာ အကြီးအကဲ Frode Angersen ကလည်း ဆင်းရဲတဲ့ကိစ္စ ဟာ ဖုံးကွယ်ထားရမယ့်အရာ မဟုတ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဖြေရှင်းရမယ့် ပြဿနာသာဖြစ်ကြောင်း ဒါကြောင့် လည်းနော်ဝေဟာ မြန်မာနဲ့ ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ဆက်ဆံနေတာဖြစ်ကြောင်း ပြောဆိုပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ ရေလမ်းခရီးနဲ့ မန္တလေးကိုမရောက်ရှိခင် မန္တလေး ကမ်းနားလမ်း၊ ဂေါဝိန်ဆိပ်နဲ့ ရှမ်းကလေးကျွန်းကြားက ကျူးကျော်အိမ်တွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ မန္တလေး စည်ပင်သာယာက မြေထိုးစက် ဘူဒိုဇာတွေနဲ့ထိုးပြီး ဖယ်ရှားခဲ့ကြောင်း၊ ဂေါဝိန်ဆိပ်တစ်ခုတည်းမှာပဲ အိမ်ခြေ ၇ဝ ဖျက်ဆီးခံခဲ့ရပြီး၊ လူဦးရေ ၂ဝဝ ဝန်းကျင် အိုးအိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်တွင်းသတင်းတွေက ဖေါ်ပြခဲ့ကြပါတယ်။

နော်ဝေဘုရင်နဲ့ မိဖုရားတို့ရဲ့ ရေယာဉ်ဆိုက်ကပ်ချိန်မှာတော့ လူနေရပ်ကွက်ဟာ ကွင်းပြင်ကြီးဖြစ်နေပြီး၊ အမြန်လာစိုက်ထားတဲ့ ပန်းပွင့်တွေ၊ မြန်မာနဲ့ နော်ဝေအလံတွေ တလွင့်လွင့်ဖြစ်နေကြောင်း နော်ဝေသတင်းစာ တစ်စောင်က ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို စုံစမ်းမေးမြန်းမယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာန က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။