နေပြည်တော်က လယ်သမားနဲ့ ရဲတပ်ဖွဲ့ပဋိပက္ခ ဝဲကြီးရွာသား ၁၁ ဦးကို တရားစွဲဆို


2013.09.22

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ည က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ဝဲကြီးရွာမှာ ဒေသခံရွာသားတွေနဲ့  ရဲတပ်ဖွဲ့တွေအကြား ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဝဲကြီးရွာသား ၁ဝ ဦးကို ပုဒ်မ ၃ ခုနဲ့ တရားစွဲထားတယ်လို့ သိရပါတယ်။

ဝဲကြီးရွာကအမှုချိန်း ရုံးချိန်းပျက်ကွက်သူ ရွာသားတချို့ကိုဖမ်းဆီးဖို့ သွားရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျေးရွာသားတွေက ဝိုင်းဝန်းရိုက်နှက်ပြီး ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

အဲဒီလိုလုပ်ရပ်ဟာ တရားဥပဒေစိုးမိုးမှုကို ထိခိုက်ကြောင်း၊ ဥပဒေအရ ဆက်လက်အရေးယူသွားမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က ၂ဝ ရက်နေ့ညနေပိုင်းမှာ ပြောခဲ့ပါတယ်။

အစိုးရက ပုံနှိပ်တိုက်အတွက် သိမ်းဆည်းထားတဲ့လယ်ယာမြေမှာ စိုက်ထားတဲ့သစ်ပင်တွေကို ဝင်ရောက်ခုတ်ခဲ့တဲ့ ရွာသား ၆ ယောက်ကို တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

အဲဒီရွာသားတွေထဲကတချို့ကို ရုံးချိန်းပျက်ကွက်တာကြောင့် ဝင်ရောက်ဖမ်းဆီးရာမှာ အခုလို ရွာသားတွေနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇေယျာသော်ကတော့ ရဲတပ်ဖွဲ့အနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီတဲ့လုပ်ရပ်တွေ ပြုမူခဲ့တယ်လို့ ပြောပါတယ်။

အဲဒီပဋိပက္ခကြောင့် ရဲတပ်ဖွဲ့ဝင် ၇ ဦးနဲ့ ရွာသား ၅ ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ပုဗ္ဗသီရိမြို့နယ် ကျည်တောင်ကန်ရဲစခန်းမှူး ဦးစိန်သောင်းက ပြောပါတယ်။

အဲဒီကိစ္စအတွက်ဝဲကြီးရွာသား ၁ဝ ဦးကို နေပြည်တော် ဇေယျာသီရိမြို့နယ်ရဲမှူးက တရားလိုပြုလုပ်ပြီး ပုဒ်မ ၃၃၃ တာဝန်ထမ်းဆောင်နေသူကို မတရားနာကျင်စေမှုအပါအဝင် ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။