စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်

2022.10.24
စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ရာကျော် သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန် ၂၀၂၁ ခုနှစ်၊ မတ်လမှာ ကျရောက်ခဲ့သည့် ၇၆ ကြိမ်မြောက် တပ်မတော်နေ့မှာ စစ်ရေးပြခဲ့တဲ့ တိုက်လေယာဉ်တွေကို မြင်တွေ့ရစဉ်။
(Photo:Reuters)

စစ်ကောင်စီက အာဏာသိမ်းထားတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း တိုင်းရင်းသားနယ်မြေတွေအပါအဝင် နိုင်ငံတစ်ဝန်းမှာလေကြောင်းတိုက်ခိုက်မှု ၂၄၀ နီးပါးလုပ်ဆောင်ခဲ့ပြီး ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားနှစ်ရာကျော်သေဆုံးခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGက သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာလ ၂၃ ရက်နေ့ညက ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) တပ်မဟာ(၉) အနန့်ပါမှာ ကျင်းပနေတဲ့ (၆၂) နှစ်မြောက် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ်(KIO) နေ့အထိမ်းအမှတ်ပွဲအကြို တေးဂီတဖျော်ဖြေပွဲလုပ်နေစဉ်မှာ စစ်ကောင်စီက ဂျက်လေယာဉ်(၄)စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အနုပညာရှင်တချို့နဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာနဲ့ပတ်သက်ပြီး NUG က ကြေညာချက်ထုတ်ပြန်ရာမှာ အခုလိုထည့်သွင်းပြောခဲ့တာပါ။

ဒီတိုက်ခိုက်မှုကြောင့် အေအိုင်အေတပ်ဖွဲ့ဝင်တွေအပါအဝင် ကချင်အနုပညာရှင်တွေနဲ့ အရပ်သား ၅၀ ဝန်းကျင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရတဲ့သူ ၁၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ဖားကန့်မြို့ခံတွေက ပြောပါတယ်။

NUGက ကျဆုံးခဲ့သူတွေအတွက် တရားမျှတမှုပြန်ရဖို့၊ ပြည်တွင်းနဲ့ နိုင်ငံတကာ တရားဥပဒေများနဲ့အညီ အစွမ်းကုန်ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်း ကျေးရွာမှာ စာသင်ကျောင်းကို စစ်ရဟတ်ယာဉ်တွေနဲ့ပစ်လို့ ကလေးငယ် (၇) ဦးအပါအဝင် စုစုပေါင်း (၁၄) ဦးသေဆုံးခဲ့ပါတယ်။

ဒီဖြစ်ရပ်အပြီး တစ်လကျော်ကာလအတွင်း ပြည်သူအများရှိနေတဲ့ ဂီတဖျော်ဖြေပွဲကို လေကြောင်းကနေ ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ထပ်မံကျူးလွန်တာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

စစ်ကောင်စီက အရပ်ဖက်ပစ်မှတ်ကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ တိုက်ခိုက်နေတာတွေ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်နေတာတွေ၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို အမြန်ဆုံးရပ်တံ့ဖို့ ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ထိရောက်တဲ့ အရေးယူမှုတွေဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကတော့ (KIA) တပ်မဟာ(၉) အနန့်ပါက ဗုံးကြဲတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ သတင်းအတိကျ မသိရသေးကြောင်းနဲ့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကို ချိတ်ဆက်ကူညီထောက်ပံ့ပေးသွားမယ်လို့ RFA ကိုပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။