ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ယာယီရပ်နားထားကြောင်း NUG ထုတ်ပြန်

RFA Burmese
2024.06.25
ဆလိုင်းအိုက်ဇက်ခင်ကို ရာထူးကနေ ယာယီရပ်နားထားကြောင်း NUG ထုတ်ပြန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်အား ၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Salai Isaac Khen/Facebook

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို တာဝန်ကနေ ယာယီရပ်ဆိုင်းထားကြောင်း ဇွန်လ ၂၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရုံးဝန်ထမ်းအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တယ်ဆိုတဲ့ တိုင်ကြားစာနဲ့ ပတ်သက်ပြီး ဌာနအတွင်း စစ်ဆေးကြားနာမှုလုပ်ခဲ့ပြီး အဲဒီစစ်ဆေးချက်တွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းတွေကနေ ကာကွယ်ခြင်းဆိုင်ရာ မူဝါဒ အကောင်အထည်ဖော်ရေးကော်မတီကို လွှဲပြောင်းပေးထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယကိုယ်စားလှယ်ရုံးနဲ့ ပတ်သက်တဲ့ တိုင်ကြားစာပါအကြောင်းအရာကို ဌာနတွင်း အဆင့်ဆင့် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်နေတယ်လို့ ဇွန်လ ၂၁ ရက်နေ့ကလည်း NUG နိုင်ငံခြားရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

စွပ်စွဲခံရတဲ့ ဆလိုင်းအိုက်ဇက်ခင်ကို RFA က ဆက်သွယ်မေးမြန်းထားပေမဲ့ လက်တလော အကြောင်းပြန်တာ မရှိသေးပါဘူး။ ဆလိုင်းအိုက်ဇက်ခင် ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာမှာတော့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရေးသားထားပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတယ်ဆိုပြီး တိုင်ကြားခဲ့တဲ့ အမျိုးသမီးကို ဧပြီလ ၃၀ ရက်နေ့က တာဝန်ကနေ ရပ်နားလိုက်တာကို လက်မခံနိုင်တာကြောင့် သူ့သဘောဆန္ဒအရ မေလ ၁၄ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကို နုတ်ထွက်စာပေးပို့ခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက် အမြတ်ထုတ်ခဲ့တဲ့အကြောင်း ကာယကံရှင်အမျိုးသမီးက နိုင်ငံခြားရေးဝန်ကြီးဌာနကို မတ်လ ၈ ရက်နေ့က တိုင်ကြားခဲ့ပေမဲ့ ထိရောက်တဲ့ အပြစ်ပေးအရေးယူတာ မလုပ်ခဲ့ဘူးလို့ နုတ်ထွက်စာထဲမှာ ထည့်သွင်းပြောထားပါတယ်။

ဒါ့အပြင် လိင်ပိုင်းဆိုင်ရာကျူးလွန်းခံရတယ်လို့တိုင်းကြားခဲ့တဲ့ အမျိုးသမီးနဲ့ အခြားဝန်ထမ်း အမျိုးသမီးနှစ်ဦးကို ရာထူးကနေ ရပ်နားခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီဆောင်ရွက်ချက်တွေကို ရှုတ်ချကြောင်းနဲ့ ကျူးလွန်တဲ့သူကို ထိရောက်စွာ အပြစ်ပေးပြီး ကျူးလွန်ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှု အမြန်ဆုံးဖော်ဆောင်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ်(WLB) က ဇွန် ၂၃ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အခြားအမျိုးသမီးအဖွဲ့တွေကလည်း ဒီကိစ္စအပေါ်ကန့်ကွက်ကြောင်းနဲ့ စုံစမ်းစစ်ဆေးအရေးယူဖို့ တောင်းဆိုထားကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။