ပြည်သူ့အမာခံသတင်းပေးအဖြစ် ပါဝင်ဖို့ စစ်သည်တွေနဲ့ဌာနဆိုင်ရာဝန်ထမ်းတွေကို NUG ကမ်းလှမ်း
အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ဘက် မကူးပြောင်းနိုင်သေးတဲ့ တပ်မတော်သားတွေအပါအဝင် စစ်ကောင်စီ လက်အောက်ခံဝန်ထမ်းတွေအနေနဲ့ ပြည်သူ့အမာခံသတင်းပေးအဖြစ် ပူးပေါင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဖိတ်ခေါ်လိုက်ပါတယ်။
ပေးပို့နိုင်တဲ့ သတင်းအချက်အလက် အဆင့်အတန်းပေါ်မူတည်ပြီး ချီးမြှင့်ငွေလည်း ပေးမှာဖြစ်တယ်လို့ NUG က ကြေညာလိုက်တာပါ။ အမာခံသတင်းပေးပို့သူအဖြစ် ပါဝင်မယ်ဆိုရင် NUG ကာကွယ်ရေးဝန်ကြီးဌာနဆီ ဆက်သွယ်ရမှာဖြစ်ပြီး ပါဝင်လာသူရဲ့ အချက်အလက် လုံခြုံမှုရှိဖို့ တာဝန်ယူတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးနဲ့စစ်ရေးအရှိန် မြှင့်လာတဲ့တပြိုင်နက် သတင်းအချက်အလက် လိုအပ်ချက်လည်းများလာတယ်လို့ NUG ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလက်ရှိလည်း ပြည်သူ့ဘက်ရပ်တည်ချင်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပြည်သူ့ဘက် မကူးပြောင်းနိုင်သေးလို့ ဖရဲသီးအဖြစ် တော်လှန်ရေးအတွက် အကျိုးဖြစ်စေမယ့် သတင်းအချက်အလက်တွေ ပေးပို့နေသူတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
အမာခံသတင်းပေးပို့သူတွေဟာ တော်လှန်ရေးကာလနဲ့ တော်လှန်ရေးအလွန်ကာလမှာလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အကာအကွယ်ပေးမှုကို ခံစားရမှာဖြစ်ပြီး တခြားသောအကျိုးခံစားခွင့်တွေလည်း ရရှိမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
NUG ဟာ စစ်ကောင်စီတပ်ဖွဲ့က မည်သူမဆို လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့အတူ ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ ကျပ်သိန်းတစ်သောင်း၊ တိုက်လေယာဉ်၊ ရဟတ်ယာဉ်၊ ထောက်ပို့ လေယာဉ်၊ တိုက်ရေယာဉ်တွေကို ဖျက်ဆီးပြီး ပူးပေါင်းလာမယ်ဆိုရင် မြန်မာငွေ ကျပ်သိန်းခြောက်ထောင်၊ ဆီသိုလှောင်ကန်တွေ၊ လက်နက်စက်ရုံတွေကို ဖျက်ဆီးနိုင်ရင် ဒါမှမဟုတ် တင့်ကား၊ သံချပ်ကာကားတွေ ယူလာနိုင်ရင် မြန်မာငွေ ကျပ် သိန်းနှစ်ထောင် ဆုချီးမြှင့်မယ်လို့ ကမ်းလှမ်းထားဖူးပါတယ်။
စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျုရဲ့အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ NUG ရဲ့ အဲဒီကမ်းလှမ်းချက်က တိုင်းပြည်ထိခိုက်အောင် လုပ်ဆောင်နေတာသာဖြစ်ပြီး စစ်ကောင်စီအတွက် အသေးအဖွဲကိစ္စသာ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။
NUG ရဲ့စာရင်းတွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ ၂ဝ၂၁ ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ ၂၁ လအတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်လာတဲ့ ရဲနဲ့ စစ်သည်အရာရှိ တစ်သောင်းနှစ်ထောင်ကျော် ရှိနေပြီဖြစ်ပါတယ်။