ရန်ကုန်နဲ့ ပဲခူးတိုင်းမှာ တိုက်ပွဲစတင်ဖော်ဆောင်မယ်လို့ NUG ဝန်ကြီးချုပ်ပြော
2025.02.23

ရန်ကုန်နဲ့ ပဲခူးတိုင်းကို စိုးမိုးနိုင်ဖို့အတွက် တိုက်ပွဲတွေ စတင်ဖော်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောလိုက်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ လက်ရုံးတပ်ဖွဲ့ (SOF) တပ်ဖွဲ့ဝင်တွေကို မန်းဝင်းခိုင်သန်းက သွားရောက်တွေ့ဆုံရာမှာ ပြောဆိုလိုက်တာပါ။
"ငါတို့အစိုးရရဲ့ ရည်ရွယ်ချက်ကတော့ အတွင်းထဲဝင်ပြီးတော့ ရန်ကုန်၊ ပဲခူး ဒီဒေသတွေပြန်လည် စိုးမိုးဖို့အတွက် ရည်ရွယ်ချက်ရှိတယ်။ ဒီအတွက်လည်း တပ်တွေကို နေရာရွှေ့တာ၊ ဒီနေ့ရွှေ့တာက တပ်ထွက်တာပဲ။ တိုက်ပွဲတွေစတော့မယ်ပေါ့။ မင်းတို့လည်း သင်တန်းတွေပြီးသွားပြီ။ အတွေ့အကြုံတွေလည်း အများကြီးရှိသွားပြီ။ မင်းတို့ကြံ့ကြံ့ခံနိုင်တဲ့အတွက်လည်း အများကြီးဂုဏ်ပြုတယ်။ တပ်ထွက်တာက ခရီးကြမ်းဖြစ်တာကြောင့် ဒဏ်ခံနိုင်မယ်လို့လည်း ယုံကြည်တယ်"
ရန်ကုန်နဲ့ ပဲခူးမှာ တိုက်ပွဲဖော်ဆောင်ဖို့အတွက် မကြာခင်ကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တောင်ပိုင်းစစ်ဒေသ လက်ရုံးတပ်ဖွဲ့ (SOF) တပ်ဖွဲ့ကို တပ်နေရာ ပြောင်းရွှေ့မှာလို့လည်း NUG ဝန်ကြီးချုပ်က ပြောပါတယ်။
တိုက်ပွဲစတင်ဖော်ဆောင်မဲ့အချိန်နဲ့ ပတ်သက်ပြီး NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။
SOF တပ်ဖွဲ့ဝင်တွေကို မန်းဝင်းခိုင်သန်းကပြောကြားရာမှာ စစ်အာဏာရှင်မရှိတော့အောင် တော်လှန်တိုက်ခိုက်နေတာဖြစ်ပြီး အဲဒီရည်ရွယ်ချက်တွေ မပျောက်သွားဖို့နဲ့ သွေးခွဲမှုတွေကို နားမယောင်ဖို့လည်း သတိပေးပြောဆိုပါတယ်။
NUG အစိုးရနဲ့ PDF တွေကို သွေးခွဲတာတွေရှိသလို တိုင်းရင်းသားတွေနဲ့လည်း သွေးခွဲတာတွေရှိတာကြောင့် နားမယောင်ဘဲ အာဏာရှင်တိုက်ဖျက်ရေးကိုသာ ဦးတည်ဆောင်ရွက်ဖို့လည်း NUG ဝန်ကြီးချုပ်က ပြောပါတယ်။
NUG ဝန်ကြီးချုပ်ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ပဲခူးတိုင်းက မြို့နယ်တချို့မှာလည်း NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေကို ကြားဖြတ်တိုက်ခိုက်တာတွေ စတင်နေပြီ ဖြစ်ပါတယ်။