ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ ဒေါ်အောင်ဆန်းစုကြည်နှင့် လာရောက်ဆွေးနွေး
2010.12.08

ဒီလိုတွေ့ရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဖက်က ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်နဲ့ ဦးအုန်းကြိုင်တို့ တက်ရောက်ပြီး ဒီငြိမ်းအဖွဲ့က ဒုတိယ ဥက္ကဋ္ဌ ဦးတင်ထွေး၊ ဦးဘမင်းမောင်နဲ့ ဦးကျော်ဇင်ဌေးတို့ တက်ရောက်တယ်လို့ သိရပါတယ်။
ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က အခုလို ပြောပြပါတယ်။
“သူတို့က ခုလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် အလွန်ဝမ်းမြောက်ကြောင်း ပြောပါတယ်။ အဲဒီနောက်တော့ သူတို့ ရွေးကောက်ပွဲ ဝင်ဖို့ သူတို့ စဉ်းစား ဆုံးဖြတ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့၊ နောက် ရွေးကောက်ပွဲမှာ သူတို့ ရရှိခဲ့တဲ့ အတွေ့အကြုံ၊ အဲဒါတွေကို သူတို့ ပြောပါတယ်။ အဲလို ပြောပြီးတဲ့နောက် နှစ်ဖက်ပေါ့လေ၊ ဒီ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အထွေထွေ အခြေအနေတွေကို အမြင်ချင်း ဖလှယ်ကြပါတယ်။”
“အဲဒီနောက် သူတို့ဖက်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းမယ်လို့ ပြည်သူလူထုကို ပြောတဲ့အတွက်ကြောင့် ဝမ်းမြောက်တဲ့အကြောင်း၊ သူတို့လည်းပဲ အမျိုးသား ပြန်လည်သင်မြတ်ရေးကို စိတ်ဝင်စားတဲ့အကြောင်း၊ အဲဒီတော့ အဖွဲ့ချုပ်နဲ့အတူပေါ့လေ၊ ပါဝင်ဆောင်ရွက်နိုင်တဲ့ ကဏ္ဍတွေမှာ အတူလက်တွဲပြီး ဆောင်ရွက်ဖို့ အဆင်သင့် ရှိပါတယ်ဆိုတဲ့အကြောင်း အဲဒါတွေ ပြောပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာပြီးကတည်းက ရွေးကောက်ပွဲ ဝင်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ရော တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။
မနေ့ကလည်း တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ ဖြစ်တဲ့ ဦးကောင်းမြတ်ထွတ်၊ ဒေါက်တာစောနိုင်တို့နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။