ပြည်ပပို့ခွင့်မရ၍ ကြက်သွန်ဈေးကျ

ချောင်းကြက်သွန်၊ ကိုင်းကြက်သွန်တွေ တပြိုင်တည်း လှိုင်လှိုင်ထွက်လာချိန်မှာ ပြည်ပကို ကြက်သွန် တင်ပို့ခွင့် ပိတ်ပင်ထားတာမို့ ကြက်သွန်ဈေးတွေ ကျဆင်းနေတယ်လို့ စုံစမ်းသိရပါတယ်။

2011.03.17
bazaar_vegetables_305_z.jpg မန္ဈလေးမြို့ရှိ ဈေးတခုမှ ဟင်းသီးဟင်းရွက်တန်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီဇင်ဘာလကုန်၊ ဇန်နဝါရီလဆန်းလောက်က ကြက်သွန် တပိဿာ ကျပ် ၈၀၀၊ ၁၀၀၀ ဈေးအထိ တက်သွားပြီးတဲ့နောက် ခုရက်ပိုင်းမှာတော့ တပိဿာ ၂၅၀ ဈေးပဲ ရှိတော့တယ်လို့ မကွေးတိုင်းက ကြက်သွန်ပွဲရုံ ပိုင်ရှင် ဦးတင့်လွင်က ပြောပါတယ်။

“ကြက်သွန် အခြေအနေက ဈေးအေးတာပေါ့နော်၊ ၂၅၀၊ ၃၀၀ လောက် ဖြစ်သွားတယ်ပေါ့နော။ ကျတာတော့ ၈၀၀ ဈေးက ကျတာပေါ့။ ၈၀၀ ဈေးကနေပြီးတော့ ၇၀၀၊ ၆၀၀၊ ၅၀၀၊ ၄၀၀ အခု ၃၀၀။ အဲ ၃၀၀ ကနေပြီးတော့ ၂၅၀ လောက် ဖြစ်လာတာပေါ့။ ဟိုတလောက တော်တော် တက်တယ်ဆိုတာက ကြက်သွန်က ရှားသွားတာပေါ့နော်။ အဲဒီ ၈၀၀၊ ၁,၀၀၀ ဖြစ်လိုက်တာက ဒီ ပြည်တွင်းမှာကိုပဲ ကြက်သွန်က ရှားသွားလို့ ဈေးတက်ရတာ။ အဲဒါက ကျွန်တော်တို့ ဒီဇင်ဘာလကုန် ဇန်နဝါရီ လဆန်းလောက်က။”

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ကြက်သွန် မတင်ပို့နိုင်တဲ့အပြင် တရုတ်နဲ့ ထိုင်းနိုင်ငံဖက် တင်ပို့ခွင့် မရတော့လို့ ကြက်သွန်ဈေး တအိအိ ကျဆင်းသွားကြောင်း ဆက်လက်ပြောဆိုပါတယ်။

“ဘာလို့ ကျတုန်းဆိုတော့ ထိုင်းဖက်ကလည်း မထွက်ရဘူး၊ အပိတ်အဆို့ ရှိတာရယ်၊ တရုတ်လမ်းဖက် ကျတော့လည်း ပါမစ် မပေးဘူးပေါ့နော်၊ ခိုးလိုင်းလေးတွေနဲ့ သွားနေကြတာ။ ဟို အပြင်မထွက်ရလို့ပေါ့နော်၊ တက်တဲ့ ကြက်သွန်အားက ဒီအချိန်မှာ များပြီးတော့ အပြင်ကို ရောင်းရတဲ့ အားက နည်းနေတာပေါ့။ နိုင်ငံခြားကို မထွက်ရဘူး ဖြစ်နေတာပေါ့။ ဒီတရုတ်တို့ ထိုင်းတို့ မထွက်ရဘူး ဖြစ်နေတာ။ တရုတ်က တော်တော် လိုချင်တယ်ခင်ဗျ။ လိုချင်တာကို ဒီက ပါမစ် မပေးတဲ့အခါကျတော့ ကောင်းကောင်း မသွားနိုင်ဘူး ဖြစ်နေတာ။”

ပြည်ပကို သင်္ဘောနဲ့ တင်ပို့တဲ့ ကိစ္စကို အာဏာပိုင်တွေကပဲ ချုပ်ကိုင်ထားတဲ့အတွက် သာမန် ကုန်သည်တွေ ကုန်တင်ပို့ဖို့ မလွယ်ကူပဲ၊ နယ်စပ်ကို ကုန်ကားတွေနဲ့ တင်ပို့ပြန်တော့လည်း အတားအဆီး အပိတ်အဆို့တွေ များပြားတယ်လို့ ဆိုပါတယ်။ လမ်းတလျှောက် ဂိတ်ကြေးတွေ ပေးနေရတဲ့အတွက် တွက်ခြေမကိုက်ဘူးလို့ ပြောပါတယ်။

ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့မယ်ဆိုရင် အခုလို ကုန်ဈေးနှုန်းတွေ ကမောက်ကမဖြစ်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။