အွန်လိုင်းလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသားခြောက်ဦးကို လွှဲပြောင်း

RFA Burmese
2023.06.20
အွန်လိုင်းလိမ်လည်မှု သံသယရှိသူ တရုတ်နိုင်ငံသားခြောက်ဦးကို လွှဲပြောင်း အွန်လိုင်းငွေလိမ်လုပ်ငန်း ကျူးလွန်သည်ဟု ယူဆရသူတွေကို တရုတ်သံရုံးက ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားစဉ်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး

အွန်လိုင်းကနေ လိမ်လည်မှုကျူးလွန်တယ်လို့ယူဆရတဲ့ တရုတ်နိုင်ငံသားခြောက်ဦးကို စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ထံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတစ်ဆင့် ဇွန်လ ၁၉ ရက်နေ့မှာ လွှဲပြောင်းပေးခဲ့တယ်လို့ ရန်ကုန်မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက အဲဒီနေ့မှာပဲ သတင်းထုတ်ပြန်ပါတယ်။

တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ ဖမ်းဆီးခံထားရသူတွေထဲမှာ အမျိုးသားငါးဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး ဇွန်လ ၁၉ ရက်နေ့မှာပဲ တရုတ်နိုင်ငံကို ဖမ်းဆီးပို့ဆောင် လိုက်တယ်လို့ ဖော်ပြထားပါတယ်။

သူတို့တွေကို ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်-မြန်မာ-ထိုင်း သုံးနိုင်ငံပူးပေါင်းဆောင်ရွက်တဲ့ ဆက်သွယ်ရေးလိမ်လည်မှုနှိမ်နင်းရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးမိခဲ့တာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာ၊ ထိုင်းနိုင်ငံတွေနဲ့ လက်တွေ့ကျတဲ့ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်မှာဖြစ်သလို အွန်လိုင်းလိမ်လည်မှုလို လုပ်ငန်းတွေကို တင်းကျပ်စွာနှိမ်နင်းပြီး ပြည်သူလူထုရဲ့ ပိုင်ဆိုင်မှုနဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်စောင့်ရှောက်မယ်လို့ တရုတ်သံရုံးက ဖော်ပြထားပါတယ်။

မြန်မာ-တရုတ်နယ်စပ်ဒေသဖြစ်တဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်၊ ချင်းရွှေဟော်၊ UWSA "၀" တပ်ဖွဲ့ထိန်းချုပ်တဲ့ ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်နဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုဒေသဟာ အွန်လိုင်ငွေလိမ်လုပ်ငန်း လုပ်ကိုင်သူတွေ အဓိကလှုပ်ရှားတဲ့နေရာတွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလဆန်းပိုင်းကစပြီး တရုတ်၊ ထိုင်း၊ မြန်မာ သုံးနိုင်ငံပူးပေါင်းပြီး နယ်စပ်မှာရှိတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုတိုက်ဖျက်ဖို့ ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ထိုင်းနယ်စပ်မှာ အရေးယူမှုတွေ စတင်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံနဲ့နီးစပ်တဲ့ မြန်မာနယ်စပ်က လောက်ကိုင်၊ ချင်းရွှေဟော်နဲ့ UWSA "၀" တပ်ဖွဲ့ ထိန်းချုပ်တဲ့ ဒေသအတွင်းက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကိုတော့ သိသိသာသာ အရေးယူတာမျိုးတော့ မရှိသေးဘူးလို့ လောက်ကိုင်နဲ့ "၀"ဒေသ အွန်လိုင်း ငွေလိမ် လုပ်ငန်းတွေနဲ့ နီးစပ်သူအချို့က RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။