မြ၀တီက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ ထိုင်းနဲ့ စစ်ကောင်စီ ဆွေးနွေး
2023.12.28

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့အနီးက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှစ်နိုင်ငံ ပူးပေါင်းတိုက်ဖျက်ဖို့အတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဘုရင့်တပ်မတော် ပူးပေါင်းစစ်ဆင်ရေး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Jakkapong Janpengpen တို့ နေပြည်တော်မှာ ဒီဇင်ဘာ ၂၇ ရက်နေ့က ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပိုင် မီဒီယာတွေက ဖော်ပြပါတယ်။
အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းမယ့်အပြင် နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ကုန်သွယ်မှု လုံခြုံချောမွေ့ရေး၊ စစ်တပ်နှစ်အခုအကြား လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ တိုးမြှင့်ပေးနိုင်ရေး အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်း ငွေလိမ်လုပ်ငန်းတွေမှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ပါဝင်ပတ်သက်နေတာကြောင့် ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်ပါတယ်။
“စစ်ကောင်စီ အာဏာပိုင်တွေရဲ့ အကျိုးစီးပွားတွေ ပါဝင်နေတဲ့အတွက် ဒါတွေဟာ ရေရှည်တည်တံ့နေတာ ဖြစ်ပါတယ်။ အဲဒီကိစ္စကို ထိုင်းက လာရောက်ဆွေးနွေးပေမယ့် ရှမ်းမြောက်ဒေသမှာလို အုံနဲ့ ကျင်းနဲ့ ဖမ်းဆီး နိုင်တာ၊ ဖျက်သိမ်းနိုင်တာ ရှိလာလိမ့်မယ်လို့ ကျွန်တော်တော့ မမျှော်လင့်ပါဘူး”
အွန်လိုင်းလောင်းကစားမှုနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးတွေကို မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ထိုင်း၊ တရုတ်နဲ့ လာအိုနိုင်ငံတွေက ဩဂုတ် ၂၂ ရက်နေ့က ကြေညာချက်ထုတ် ပြန်ထားပါတယ်။
ဆိုက်ဘာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ ညှိနှိုင်းရေးစင်တာ တစ်ခုကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ထူထောင်ထားတယ်လို့ ဆိုပါတယ်။
ဩဂုတ် ၁၄ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့က အွန်လိုင်းငွေလိမ်ဂိုဏ်း တွေမှာ အလုပ်လုပ်ဖို့ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦးကို ရန်ကုန်မြို့ကနေ အင်ဒိုနီးရှားနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။