ချင်းအမျိုးသားအဖွဲ့ချုပ်က ဖလမ်းမြို့မှာ ခုတင် ၅၀ ဆံ့ဆေးရုံဖွင့်

2022.08.21
ချင်းအမျိုးသားအဖွဲ့ချုပ်က ဖလမ်းမြို့မှာ ခုတင် ၅၀ ဆံ့ဆေးရုံဖွင့် ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ကျန်းမာရေးဋ္ဌာနရဲ့ ကုတင် ၅၀ ဆံ့ ဆေးရုံကို ၂၀၂၂ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က ဖွင့်လှစ်စဉ်
Photo: CNO

ချင်းပြည်နယ် ဖလမ်းမြို့မှာ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ကျန်းမာရေးဋ္ဌာနရဲ့ ခုတင် ၅၀ ဆံ့ ဆေးရုံကို ဩဂုတ်လ ၂၀ ရက် မနေ့မနက်ပိုင်းမှာ ဖွင့်လှစ်လိုက်တယ်လို့ CNO က သတင်းထုတ်ပြန်ပါတယ်။

အဲဒီဖွင့်ပွဲကို ချင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) ရဲ့ စစ်ဦးစီးချုပ် ဆလိုင်း ပီတာထန်း အပါအဝင် ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ၊ မြို့မိမြို့ဖနဲ့ ဒေသခံတွေ တက်ရောက်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ကလည်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ခုတင် ၅၀ ဆံ့ဆေးရုံ ဖွင့်လှစ်လိုက်တာကြောင့် ဒေသခံတွေအတွက် ကျန်းမာရေးကဏ္ဍ စိတ်အေးရပြီလို့ ဒေသခံ ဆလိုင်းပီတာက ပြောပါတယ်။

"အခုအခြေအနေကို သိတဲ့အတိုင်းပဲ။ လမ်းမှာတိုက်ပွဲဖြစ် ဆေးရုံ၊ ဆေးခန်း သွားမရ တာတွေ ကြုံရတယ်။ စစ်ကောင်စီ ဆေးရုံဆိုရင်လည်း ကျနော်တို့က လုံးဝမတက်ဘူး။ အသေခံတာ။ တခြား ရောဂါသည်တွေဆို တိုက်ပွဲပြီးတဲ့အထိ စောင့်လို့ရတယ်။ ကိုယ်ဝန်သည်ကျတော့ ကလေးက ထွက်ချင်နေပြီ၊ တိုက်ပွဲကမပြီး။ သွေးကလွန်နဲ့ ဒီလို အသက်ဆုံးရှုံးရတာတွေ ကြုံနေရတော့ အခုလို ဆေးရုံဖွင့်တာက ကျနော်တို့ဒေသခံတွေ အတော်လေး ဝမ်းသာတယ်"

ဒီဆေးရုံဟာ ဖလမ်းမြို့နယ်အတွင်းက ဒေသခံ အကုန်လုံးအတွက် ကိုယ်စားပြုတာဖြစ်လို့ ဒေသခံတွေကလည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုဆေးရုံဟာ CNO/CNDF စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ကာကွယ်ရေးတပ် ရဲ့ ဒဏ်ရာရတပ်သားတွေကို ဆေးကုပေးတာ၊ ကိုယ်ဝန်ဆောင် မီးဖွားပေးတာနဲ့ ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကို လုပ်ဆောင်ပေးနေတာလို့ CNO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။