Oxi Day Foundation က ဒေါ်အောင်ဆန်းစုကြည် ကို သတ္တိရှင် အဖြစ် ဂုဏ်ပြု

အမေရိကန် နိုင်ငံရေး လောကမှာ မူဝါဒတွေ ပြောင်းလဲစေဖို့ တိုက်တွန်း စည်းရုံးနေတဲ့ နာမည်ကြီး ဂရိ-အမေရိကန် အဖွဲ့ကြီးဖြစ်တဲ့ Oxi Day Foundation က ကျင်းပတဲ့ သတ္တိရှင် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားကို ဝါရှင်တန်ဒီစီမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

2011.10.28
oxiday-assk-305 Oxi Day Foundation ဂရိ-အမေရိကန် အဖွဲ့ကြီးက ကျင်းပသည့် သတ္တိရှင် ဂုဏ်ပြုဆု ချီးမြှင့်ပွဲ အခမ်းအနားတွင် Battle of Crete သတ္တိရှင်ဆုဖြင့် ဂုဏ်ပြု ချီးမြင့်ခံရသည့် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယိုဖြင့်ပေးပို့သော နှုတ်ခွန်းဆက်စကားကို တက်ရောက်လာသည့် ပရိသတ်များ နားထောင်နေစဉ်။ ဓါတ်ပုံ - RFA
RFA

ဒီအခမ်းအနားမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်း စုကြည် ကို နိုင်ငံတကာ အမျိူးသမီး သတ္တိရှင် အဖြစ် Battle of Crete ဆုကို ဂုဏ်ပြုချီးမြှင့်တာ ဖြစ်ပါတယ်။

ဒီဆုကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား US Campaign for Burma အဖွဲ့ အမှုဆောင် ညွန်ကြားရေးမှုး ဦးအောင်ဒင်က လက်ခံရယူပါတယ်။

ဆုချီးမြှင့်ပွဲ အခမ်းအနားမှာ Oxi Day Foundation ရဲ့ ဥက္ကဌ က ဒေါ်အောင်ဆန်းစုကြည် ကို Battle of Crete ဆုချီးမြှင့်တာနဲ့ပတ်သက်လို့အခုလို ပြောပါတယ်။

"သတ္တိ ဆိုတာ ကူးစက်တတ်တဲ့ အရာပါ။ တစ်စုံတစ်ယောက်ရဲ့ သတ္တိ ပြောင်မြောက်တဲ့ လုပ်ရပ်ကို တခြားသူတွေလည်း တွေ့မြင် သိရှိစေချင်ပါတယ်။ ဒါမှ အလားတူ သတ္တိရှင်တွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

Oxi Day Foundation ရဲ့ Oxi Day ဆုကိုတော့ အာရပ် ကမ္ဘာမှာ အာဏာရှင် တော်လှန်ရေးတွေကို စတင်ခဲ့တဲ့ တူနီးရှား နိုင်ငံက လူ့အခွင့်အရေး လှုပ်ရှားသူ Jamel Bettaieb ကို ပေးအပ် ချီးမြှင့်လိုက် ပါတယ်။

ဒုတိယ ကမ္ဘာစစ်ကာလ နာဇီ အာဏာရှင်တွေ ကျဆုံးခန်းမှာ အဓိက ကဏ္ဍက ပါဝင်ခဲ့တဲ့ ဂရိနိုင်ငံသားတွေ အတွက် ဂုဏ်ပြုပွဲကို Oxi Day Foundation က နှစ်စဉ် ကျင်းပနေတာပါ။

ဒါပေမဲ့ အခုပေးအပ်တဲ့ ဆုနှစ်ဆုကိုတော့ နိုင်ငံတကာမှာ ဒီမိုကရေစီရေး အတွက် သတ္တိရှိရှိ ဦးဆောင် လှုပ်ရှားသူတွေကို ပထမဆုံးအကြိမ် ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒီအခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်သွင်းယူထားတဲ့ ဗီဒီယိုသတင်းစကားကို ပေးပို့ခဲ့ပါတယ်။

ဒီအခမ်းအနားကို အမေရိကန် ဒုတိယ သမ္မတ Joe Biden, အောက်လွှတ်တော် ဥက္ကဋ္ဌ Ileama Ros-Lehtinen စတဲ့ ထင်ရှားတဲ့ အမေရိကန် အစိုးရခေါင်းဆောင်တွေကလည်း အသီးသီး ဗီဒီယို သတင်းစကားတွေ ပါးခဲ့ကြပါတယ်။

ဒီ Oxiday Foundation အခမ်းအနားနဲ့ပတ်သက်လို့ တိုက်ရိုက်သတင်းပေးပို့ချက်ကို နားဆင် နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။