အာဏာရှင်စနစ်ကို နည်းပေါင်းစုံနဲ့ ဖယ်ရှားမယ်လို့ ပအိုဝ်းဖက်ဒရယ်ကောင်စီ ပြော
2021.12.20

ဒီမိုကရေစီနည်းကျ ရွေးချယ်ထားတဲ့ အစိုးရကို ဖယ်ရှားပြီး စစ်တပ်က အာဏာသိမ်းခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့ ပအိုဝ်းတိုင်းရင်းသားတွေ အပါအဝင် နိုင်ငံသားအားလုံးရဲ့ မျှော်မှန်းချက်တွေ ပျက်သုဉ်းသွားခဲ့ပြီဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီကို ဦးဆောင်သူတွေက ပြောပါတယ်။
ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ အတွက်ဆိုရင် အာဏာရှင်စနစ်ကို နည်းလမ်းပေါင်းစုံနဲ့ အပြီးအပိုင်ဖယ်ရှားဖို့လိုတယ်လို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC (Pa-O National Federal Council) အတွင်းရေးမှူး -၂ ခွန်ဝေထူး ကပြောပါတယ်။
“ကျနော်တို့ ရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် ဖယ်ရှားနိုင်ဖို့ ဖြစ်တယ်။ အပြီးသတ် ချုပ်ငြိမ်းဖို့ ဖြစ်တယ်။ သို့မှသာလျှင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်မှာ ဖြစ်တယ်။ ဒါကြောင့်မို့ ကျနော်တို့က အာဏာရှင်စနစ်ကို တော်လှန်ဆန့်ကျင်မဲ့ အဖွဲ့အစည်းမှန်သမျှ ကျနော်တို့ ပူးပေါင်းပြီး တော်လှန်သွားမှာဖြစ်ပါတယ်”
“ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက မရှိတော့ဘူး။ မတရားဖမ်းဆီး ထောင်ချထားတယ်"
အခုဖွဲ့စည်းလိုက်တဲ့ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီမှာ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ သတင်းထွက်ပါတယ်။ PNFC ကြေညာချက် ထွက်တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာပဲ ထုတ်ပြန်ခဲ့တဲ့ PNLO ကြေညာချက်မှာလည်း စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ပအိုဝ်းအမျိုးသား တစ်ရပ်လုံး ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။ ခွန်ဝေထူးကတော့ သူတို့ PNFC မှာ ပါဝင်တဲ့အဖွဲ့အစည်း အမည်တွေကို လက်ရှိတော်လှန်ရေးကာလမှာ ထုတ်ဖော်ပြောဆိုရန် မဖြစ်နိုင်ဘူးလို့ RFA ကို ဖြေကြားပါတယ်။
“အဓိက မဏ္ဍိုင် ၅ ရပ်နဲ့ ကျနော်တို့ စုဖွဲ့ထားတာဖြစ်တယ်။ ဒီမဏ္ဍိုင် ၅ ရပ်မှာရှိတဲ့ ပအိုဝ်းတိုင်းရင်းသား အင်အားစုတွေက ရှမ်းပြည်နယ် တောင်ပိုင်းမှာ ရှိတဲ့ ပအိုဝ်း တိုင်းရင်းသား အင်အားစုတွေ၊ မြေပြန့်ဒေသဆိုရင်လည်း မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ပအိုဝ်း တိုင်းရင်းသား အင်အားစုတွေ၊ ပြည်ပ နိုင်ငံတကာကို ရောက်နေတဲ့ ပအိုဝ်း တိုင်းရင်းသား အင်အားစုတွေ ပါဝင်သလို အခြား ဒီအာဏာရှင် တော်လှန်ရေးမှာ တက်ကြွစွာပါဝင်ကြတဲ့ ပအိုဝ်း တိုင်းရင်းသား အင်အားစုတွေလည်း ပါဝင်ပါတယ်။ မဏ္ဍိုင်တွေရဲ့ အမည်နာမ အသေးစိတ်ကိုတော့ လက်ရှိတော်လှန်ရေးကာလဖြစ်တဲ့အတွက် လုံခြုံရေးအရ ပြောခွင့်မရှိပါဘူး။ အဓိကကတော့ ဒီ အာဏာရှင်တော်လှန်ရေးမှာ ပါဝင်နေကြတဲ့ လှုပ်ရှားနေကြတဲ့ ပအိုဝ်းတိုင်းရင်းသား အင်အားစု အလွှာအသီးသီး အဖွဲ့အစည်းအသီးသီးနဲ့ စနစ်တကျစုဖွဲ့ပြီးတော့ ကျနော်တို့ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်”
PNFC အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီတို့အပြင် တခြားတိုင်းရင်းသား အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆွေးနွေးနေတယ်လို့ သူကပြောပါတယ်။
“NUG နဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိသလို NUCC မှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ CRPH မှာရှိတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိပါတယ်ခင်ဗျ။ NUCC ကနေ ထုတ်ပြန် ကြေညာထားတဲ့ ရေးဆွဲထားတဲ့ Federal Charter 1, 2 နဲ့ ပတ်သက်ပြီးတော့ အဓိက အခြေခံထား ဆွေးနွေးဖြစ်ပါတယ်။ ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီရဲ့ ရည်မှန်းချက်တွေ အခြေခံမူတွေနဲ့ ကိုက်ညီမှုတွေ အများကြီးရှိတာလည်း ကျနော်တို့ တွေ့ရပါတယ်”
မြန်မာ့အရေးလေ့လာသူ ဦးသန်းစိုးနိုင်က အခုလို ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းလိုက်တာဟာ နွေဦးတော်လှန်ရေးကို ပိုမိုအားကောင်းလာစေမှာ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။
“ပအိုဝ်းတွေထဲက ထက်ထက်မြက်မြက် အင်အားစုတစ်ရပ်ပေါ်လာဖို့ ကျနော်တို့ မျှော်လင့်နေတာပါ။ အခု ပအိုဝ်းအမျိုးသားဖယ်ဒရယ် ကောင်စီကနေပြီးတော့ တခြားတိုင်းရင်းသား အင်အားစုတွေနဲ့ ပေါင်းစည်းမယ်။ နွေဦးတော်လှန်ရေးမှာလည်း ပါဝင်မယ်။ NUG အစိုးရနဲ့လည်း ဆက်သွယ်မယ်၊ လွှတ်တော် ကိုယ်စားပြုကော်မတီနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကြားတဲ့အတွက် အတော်လေး ကြီးမားတဲ့ စွမ်းဆောင်မှု တွန်းအားတစ်ခုလို့ ကျနော်ကတော့ မျှော်လင့်ကြိုဆိုမိပါတယ်။ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က NCA နဲ့ ပတ်သက်တဲ့ ကိစ္စမှာ သူတို့ဆက်လက်ပြီး လိုက်ပါဖို့ သဘောထားရှိတယ်။ လက်တွေ့လှုပ်ရှားမှုတွေမှာလည်း အခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေ NUG တို့၊ လွှတ်တော်ကိုယ်စားပြု ကော်မတီတို့နဲ့ ပေါင်းစပ်လှုပ်ရှားတာ မတွေ့ရတဲ့အတွက် ကျနော်တို့အတော် အားမလို အားမရ ဖြစ်နေတာပါ။ ဒါကြောင့် ပအိုဝ်းအမျိုးသား ဖက်ဒရယ် ကောင်စီရဲ့ ကြေညာချက်နဲ့ သူတို့ပူးပေါင်းလှုပ်ရှားလာမယ့် ရှေ့အနာဂတ်ကို ကြိုဆိုကြောင်း ကျနော်ပြောချင်ပါတယ်”

တဆက်တည်းမှာပဲ NCA စာချုပ်ကို လက်ရှိထောက်ခံတဲ့ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့လည်း စစ်ကောင်စီနဲ့ ပူးပေါင်းမှုကို ရပ်ဆိုင်းပြီး နွေဦးတော်လှန်ရေးမှာ မကြာခင်ပါဝင်လာကြမယ်လို့ မျှော်လင့်ကြောင်း ဦးသန်းစိုးနိုင် ကပြောပါတယ်။
ခွန်ဝေထူး ကတော့ NCA ဟာ လက်ရှိမှာ အသက်ဝင်ခြင်း မရှိတော့ပါဘူးလို့ ဝေဖန်ပါတယ်။
“ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှာ ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက မရှိတော့ဘူး။ မတရားဖမ်းဆီး ထောင်ချထားတယ်။ ဒီ NCA ဟာ လောလောလတ်လတ်မှာတော့ ရပ်စဲထားရမယ့် စာချုပ်တစ်ခုဖြစ်နေတယ်။ အသက်မဝင်တော့တဲ့ စာချုပ်တစ်ခုဖြစ်နေတယ်လို့ ကျနော်ပြောချင်တယ်”
ဒါ့အပြင် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အလျင်အမြန်ထူထောင်ရေးအတွက် ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားအားလုံး ပူးပေါင်းကြဖို့ တိုက်တွန်းချင်ပါတယ်လို့လည်း ခွန်ဝေထူး က ပြောပါတယ်။