သရုပ်ဆောင် ပိုင်တံခွန် အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ် ချမှတ်ခံရ
မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ (က) အရ စစ်ကောင်စီ တရားရုံးရဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ် ချမှတ်တာခံလိုက်ရပါတယ်။
ဒီဇင်ဘာ ၂၇ ရက် အင်းစိန်ထောင်တွင်း တရားရုံးက အမိန့်ချခဲ့တာလို့ ပိုင်တံခွန်ရဲ့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် က RFA ကို ပြောပါတယ်။
"ဒီနေ့ ရုံးချိန်း တရားလိုပြသက်သေစစ်ရမှာပါ၊ လိုပြသက်သေက ကျန်းမာရေးမကောင်းလို့ မလာတော့၊ ပယ်တယ်ဆိုပြီး ပိုင်တံခွန်ပါထားတဲ့ ရုပ်သံဖိုင်တွေ ဖွင့်ပြပြီး ဆန္ဒပြပွဲမှာ ပါဝင်လားမေးတယ်၊ ပိုင်တံခွန် ပါတယ်လို့ ပြန်ဖြေတော့၊ ဒါဆို ဆက်စစ်စရာ မလိုတော့ဘူးဆိုပြီး အမိန့်ချတာပါ၊ ပိုင်တံခွန်ရဲ့ ကျန်းမာရေး ကတော့ ကောင်းမွန်ပါတယ်"
ချမှတ်ခံလိုက်ရတဲ့ အလုပ်ကြမ်းနဲ့ ထောင်သုံးနှစ်ထဲကနေ ချုပ်ရက်တွေကို ထုတ်နုတ်ခံစားခွင့်ပြုတယ် လို့လည်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောပါတယ်။
ပိုင်တံခွန်ဟာ ဧပြီ ၈ ရက်က ဒဂုံမြို့သစ်မြောက်ပိုင်းနေအိမ်မှာ ဖမ်းဆီးခံခဲ့ရပြီး၊ စစ်ကောင်စီကို ဆန့်ကျင်သပိတ်မှောက်တဲ့အထဲမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။