ပခုက္ကူမြို့နယ်မှာ ရွာငါးရွာက နေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ

RFA Burmese
2024.12.23
ပခုက္ကူမြို့နယ်မှာ ရွာငါးရွာက နေအိမ် တစ်ရာကျော် မီးရှို့ဖျက်ဆီးခံရ ပခုက္ကူမြို့နယ် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် အဆောက်အအုံတချို့အား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်။
ကမ္မမီဒီယာ ဓာတ်ပုံ

မကွေးတိုင်း ပခုက္ကူမြို့နယ် ရွာတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့က စစ်ကြောင်းစီးနင်း မီးရှို့တာကြောင့် ဒီဇင်ဘာလ ၁၃ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ဆယ်ရက်အတွင်း ရွာငါးရွာက နေအိမ်တစ်ရာကျော် မီးလောင်ပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေလာကြီးရွာက နေအိမ် ၆၂ လုံး၊ ရွာသာအေးရွာက နေအိမ် ၂၁ လုံး၊ ဝါးကျွန်းတွင်းရွာက နေအိမ် ၂၀ ခန့်၊ ရေမျက်ရွာက နေအိမ် ရှစ်လုံး၊ ပြည့်အိုင်ရွာက နေအိမ် တစ်လုံး မီးလောင်ပျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ရေလာလေးရွာက စစ်ကောင်စီတပ်လက်အောက်ခံ ပျူစောထီးစခန်းကို တော်လှန်ရေးအဖွဲတွေက တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က အနီးတစ်၀ိုက်ရွာတွေကို ပြန်လည် စီးနင်းမီးရှို့ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့က ပျူစောထီးစခန်းအတိုက်ခံရတော့ စစ်ကြောင်းထိုးရွာတွေ မီးလိုက်ရှို့နေတာဗျ။ အခုလည်း စစ်ကြောင်းတွေ အင်အားတော်တော်များများ ထပ်ရောက်နေတယ်”

လက်ရှိမှာ မီးရှို့ခံရတဲ့ ရွာတွေထဲ ဒေသခံတွေ ပြန်လည်ဝင်ရောက်နေထိုင်ကြပေမဲ့ ပျူစောထီးလက်နက်ကိုင်တွေရှိတဲ့ ရွာတွေနဲ့နီးတဲ့ ရေမျက်ရွာက ဒေသခံတွေကတော့ ဘေးလွတ်ရာမှာ နေထိုင်နေကြတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်ကလည်း ပျူစောထီး လက်နက်ကိုင်တွေ ရှိနေတဲ့ ညောင်ဂျစ်ပင်နဲ့ အောင်သာရွာတွေမှာ လက်ရှိအင်အား သုံးရာခန့်အထိ တိုးချထားပြီး နယ်မြေစိုးမိုးဖို့ ကြိုးစားနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်း မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း တစ်သိန်းကျော် (၁၀၅,၃၁၄ လုံး) ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။