ပုလဲမြို့ မွေ့တုံရွာကို စစ်ကောင်စီတပ်သားတွေ တတိယအကြိမ် မီးရှို့

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မွေ့တုံရွာကို စက်တင်ဘာလ ၁၃ ရက် ဒီနေ့မနက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး တတိယအကြိမ်မြောက် မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အိမ်ခြေ ၃၅၀ ကျော်ရှိတဲ့ မွေ့တုံရွာဟာ အခုနှစ် ဇန်နဝါရီလက ပထမကြိမ်မီးရှို့ခံခဲ့ရပြီး အိမ်ခြေ ၁၇၀ ကျော် မီးလောင်ခဲ့သလို ဧပြီလမှာ ဒုတိယအကြိမ်မီးရှို့ခံရချိန်က အိမ်ခြေ ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ဆိုပါတယ်။
အခု တတိယအကြိမ်အဖြစ် မနက်ကတည်းက အရှို့ခံခဲ့ရပြီး ညနေပိုင်းအထိ မီးမငြှိမ်းနိုင် သေးတာကြောင့် အရေအတွက် ဘယ်လောက်မီးလောင်ကျွမ်းသလဲဆိုတာ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်သားတွေ မီးဝင်ရှို့သွားတာဖြစ်ပြီး လက်ကျန် နေအိမ်တွေပါ အကုန်လောင်သွားနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ တစ်ရွာလုံးကတော့ ထွက်ပြေးနေတယ်။ မွေ့တုံဆိုတာ ရွာကြီးတစ်ရွာပါ။ စီးပွာရေးလည်း ကောင်းတဲ့ရွာ။ တိုက်ပွဲလည်းမဖြစ်ပဲ ဒီတိုင်းဝင်လာပြီး မီးရှို့တယ်။ ပစ္စည်းတွေကို ခိုးယူတယ်။ စစ်ကောင်စီအနေနဲ့ ရွာတွေကိုဝင်တယ်။ ပစ္စည်းတွေ စိတ်ကြိုက်ယူတယ်၊ မီးရှို့တယ်ဆိုတာက ပြည်သူနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို သွေးခွဲနေတာဖြစ်ပေမယ့် ပြည်သူတွေက စစ်ကောင်စီကို ပိုမုန်းတယ်။ ပိုတော်လှန်ချင်စိတ်ပြင်းထန်လာတယ်"
မွေ့တုံရွာကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သား အင်အား ၁၅၀ လောက်ဟာ စက်တင်ဘာလ ၁၂ ရက် မနေ့က ဆားလင်းကြီးမြို့ကနေ ထွက်လာတာဖြစ်ပြီး ဘယ်တပ်ရင်းလဲ ဆိုတာတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
မီးရှို့ခံရတဲ့ နေအိမ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ RFA က ဆက်သွယ် မေးမြန်ချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ပြန်လည် ငြင်းဆိုထားပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့ Data For Myanmar ရဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ထုတ်ပြန်တဲ့ စာရင်းအရ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ သူ့တို့ရဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေက မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၀,၁၅၃ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။