နိုင်ငံတော်၏ အတိုင်ပင်ခံ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ အတည်ပြု


2016.04.01
mahn-win-khaing-than-620.jpg ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် အတည်ပြုကြောင်း ဧပြီလ ၁ ရက်နေ့က အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်း ကြေညာစဉ်
.

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် အဖြစ် ခန့်အပ်မယ့် ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်မှာ ဒီကနေ့  အတည်ပြုလိုက်ပါတယ်။

အမျိုးသားလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၁၃၇ ကန့်ကွက်မဲ ၇ဝ နဲ့ ဥပဒေကြမ်း ကို အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဌ ဦးမန်းဝင်းခိုင်သန်းက ကြေညာခဲ့ပါတယ်။

"နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းတစ်ရပ်လုံးကို သဘောမတူတဲ့သူရှိတဲ့အတွက် ၂ဝ၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေခွဲ(တ)၊ နည်းဥပဒေခွဲငယ် ၁(ည) စက်ခလုပ်အသုံးပြုပြီး လျှို့ဝှက်စွာ ဆန္ဒပြုသည့်နည်းလမ်းဖြင့် လွှတ်တော်ရဲ့ အဆုံးအဖြတ်ရယူပါ့မယ်၊ ဆန္ဒမဲ ပေးပြီးပါပြီ၊ ထောက်ခံမဲ ၁၃၇ မဲ၊ ကန့်ကွက်မဲ ၇ဝ မဲ၊ ကြားနေမဲ ၂ မဲ ဖြစ်ပါတယ်၊ ထောက်ခံမဲ များတဲ့အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း အတည်ဖြစ်ကြောင်းကြေညာပါတယ်"

တပ်မတော်သားနဲ့ ကြံ့ခိုင်ရေးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တချို့က အဲ့ဒီဥပဒေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖေါက်နေကြောင်းနဲ့ လူပုဂ္ဂိုလ်အမည်ကို ဥပဒေကြမ်းမှာ ထည့်သွင်း မရေးဆွဲသင့်ကြောင်း၊ တရားစီရင်ရေး ၊ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ကြီး ၃ ရပ် အပြန်အလှန် ထိမ်းကြောင်းရေးကို ဆန့်ကျင်နေကြောင်း ဆွေးနွေးကြပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မပါတဲ့ ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကို ဒီဥပဒေကြမ်းမှာ ထည့်သွင်း သုံးစွဲထား တဲ့အတွက် ဖွဲ့စည်းပုံကို ချိုးဖေါက်နေရာရောက်ကြောင်းလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်ဆွေးနွေးပါတယ်။

ဒါ့အပြင် ဆွေးနွေးသူတွေက ဒီဥပဒေကြမ်းကို အခြေခံဥပဒေခုံရုံးကို တင်ပြဖို့ကိုလည်း အကြံပြုကြပါတယ်။

ဥပဒေကြမ်းအရ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရမှာ ဖြစ်ပါတယ်။

အဲ့ဒီဥပဒေကြမ်းကို လာမယ့်အပတ်မှာ ပြည်သူ့လွှတ်တော်မှာ ထပ်မံဆွေးနွေးပြီး ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။