စာရင်းစစ်ချုပ်ဟောင်း ဦးလွန်းမောင်ကို စာရင်းစစ်ချုပ်သစ်အဖြစ် လွှတ်တော်အတည်ပြု
2011.02.22

ဗိုလ်ချုပ်ဟောင်း ဦးလွန်းမောင်ဟာ အရင်ကလည်း စစ်အစိုးရ စာရင်းစစ်ချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ ၂၀၁၀ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ ကချင်ပြည်နယ် ဗန်းမော်မြို့နယ် အောက်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သူ ဖြစ်ပါတယ်။
ဒါ့အပြင် ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ သမတ ဦးသိန်းစိန်က ပြည်ထောင်စု တရားသူကြီးအဖွဲ့ဝင် ၆ ဦး စာရင်းကို အဆိုတင်သွင်းခဲ့တယ်လို့ လွှတ်တော် တက်ရောက်နေတဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီက ဦးခိုင်မောင်ရီက RFA ကို ပြောပါတယ်။
“အဲဒီတော့ အားလုံးက အဲလောက်အထိဆိုရင် ၇ ယောက်မှ ၁၁ ယောက်အထိ ခန့်ထားနိုင်တယ်ဆိုတဲ့ ဥစ္စာကို ၇ ယောက်နဲ့ အဆိုတင်သွင်းတာပေါ့။ ၁၁ ယောက်အထိ ခန့်လို့ ရတာကိုး။ ၇ ယောက်နဲ့ တင်သွင်းလိုက်တယ်။”
“ပထမတော့ တရားသူကြီးအနေနဲ့တော့ တရားရေးဖက်ကနေ လာတဲ့လူ၊ မျှမျှတတ ရှိတဲ့လူ၊ သမာသမတ် ရှိတဲ့လူ ဆိုရင်တော့ ပြီးတာပါပဲပေါ့နော်။ ဒါပေမဲ့ ဒီလူတွေက တဦးချင်း တဦးချင်းစီကို လေ့လာဖို့အတွက်ကို ကျွန်တော်တို့အတွက် အချိန်က တော်တော် နည်းပါတယ်။”
“နောက် ဒီ ၆ ယောက်အတွက်က ဘာကြောင့်ပဲ ဖြစ်ဖြစ် သူ့အတိုင်းအတာနဲ့သူ ပေါ့နော်၊ တိုင်းတရားသူကြီးတွေ ဘာတွေ လုပ်လာတဲ့လူတွေ ပါတယ်ဆိုတော့ သူ့လိုင်းကနေသူ လာတာ ဖြစ်တဲ့အတွက် သိပ်ပြီးတော့လည်း မမြင်တော့ဘူးပေါ့။”
အဲဒီ အဆိုတင်သွင်းခဲ့တဲ့ တရားသူကြီးအဖွဲ့ဝင်တွေကတော့ ဦးဘဌေး (လက်ရှိ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်)၊ ဦးစိုးညွန့်(လက်ရှိ အငြိမ်းစား ညွန်ကြားရေးမှူးချုပ်)၊ ဦးမြသိန်း (လက်ရှိ အထက်တန်းရှေ့နေ၊ တွဲဖက် ညွှန်ကြားရေးမှူး)၊ ဦးမြင့်အောင် (လက်ရှိ ရန်ကုန်တိုင်း တရားသူကြီး)၊ ဦးအောင်ဇော်သိန်း (လက်ရှိ ဒုအထွေထွေ မန်နေဂျာ - စာချုပ်စာတမ်းနဲ့ စီမံကိန်းရေးရာ စီမံခန့်ခွဲရေးရာ ဌာနခွဲ) နဲ့ ဦးမြင့်ဟန် (လက်ရှိ ဒု ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်း ဝန်ကြီးဌာန) တို့ ဖြစ်ပါတယ်။
မနက်ဖြန် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ လွှတ်တော်အစည်းအဝေး နားပြီး နောက်တကြိမ် ကျင်းပတဲ့အခါမှာ သူတို့ကို ကန့်ကွက်သူ မရှိရင် အတည်ပြုမယ်လို့ သိရပါတယ်။ သူတို့အားလုံးဟာ ဥပဒေဖက်က လာသူအများစု ဖြစ်တဲ့အတွက်နဲ့ အချိန်လုံလောက်အောင် မရတဲ့အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ အနေနဲ့ ကန့်ကွက်မှာ မဟုတ်ကြောင်း သိရပါတယ်။