ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ကုသရေး ပုဂ္ဂလိကဆေးရုံတွေပါဝင်

ခင်မောင်စိုး
2020.09.29

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးအတွက် အစိုးရကို ပုဂ္ဂလိကဆေးရုံများအသင်းက ဆေးဝါးနဲ့ တခြားပစ္စည်းတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေပါ ကူညီပံပိုးပေးနေတယ်လို့ သိရပါတယ်။ တပြိုင်နက်မှာ ဗိုင်းရပ်စ်ပိုးကူးစက်သူတွေလည်း ပိုမိုများပြားလာနေတဲ့အတွက် လက်ရှိထိန်းသိမ်းကုသမှုဆိုင်ရာ စီမံဆောင်ရွက်မှုတွေကို လိုအပ်သလို ပြုပြင်ရမယ့် အခြေအနေရှိပါတယ်။

မြန်မာအစိုးရရဲ့ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ကုသရေးမှာ အောက်မြန်မာပြည် ပုဂ္ဂလိကဆေးရုံများအသင်းက ပြီးခဲ့တဲ့ ဧပြီလကစပြီး ပါဝင်ကူညီခဲ့ရာမှာ ဖောင်ကြီးကိုဗစ်ကုသရေးဌာနအတွက် ကုတင် ၃၆ဝ စာ ပရိဘောဂတွေ၊ ICU အထူးကြပ်မတ်ကုသခန်း ၂ ခုအတွက်ဆေးရုံသုံးပစ္စည်း အပြည့်အစုံအပြင် အရေးပေါ်ဆေးဝါး သိန်း ၁၅ဝဝ ကျော်ဖိုး ပံ့ပိုးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေလည်း သွားရောက်ကူညီခဲ့တယ်လို့ သိရပါတယ်။ အခ ဒုတိယလှိုင်းပေါ်ပေါက်လာချိန်မှာ အစိုးရကျန်းမာရေးဌာနက အကူအညီထပ်မံတောင်းခံခဲ့တဲ့အတွက် ၂၈ ရက်နေ့ကစပြီး သူတို့ပုဂ္ဂလိကဆေးရုံတွေက ကျန်းမာရေးဝန်ထမ်းတွေ သွားရောက်ကုသပေးနေပြီလို့ အောက်မြန်မာပြည် ပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌနဲ့ ဝိတိုရိယဆေးရုံ အမှုဆောင်အရာရှိချုပ် ဒေါက်တာအေးအေးစန်းက RFA ကို မနေ့ညက ပြောပါတယ်။

“ကျမတို့ကို ဆရာကြီး ဦးဇော်ဝေစိုး(အစိုးရ ကျန်းမာရေးဌာန)က ခေါ်တွေ့ပြီးတော့  အောင်မြင့်မိုရ် နဲ့ ရိုးမရိပ်သာ (၂) ကို တိုးချဲ့ပြီး ထားဖို့ရှိတယ်။ ကျမတို့ ပုဂ္ဂလိကဆေးရုံအသင်းက လူအင်အားနဲ့ လိုအပ်တာတွေကူညီပေးပါဦး ဆိုတာနဲ့ ကျမတို့ မနေ့ကစပြီး အောင်မြင့်မိုရ်မှာ ကျမတို့ဘက်က ပုဂ္ဂလိကဆေးရုံအသင်းက ကျန်းမာရေးဝန်ထမ်း အယောက် ၂ဝ လောက် ပို့ထားပါတယ်။ ဒီနေ့ဆိုရင် အသစ်ထပ်ဖွင့်တဲ့ ရိုးမရိပ်သာဘက်ကို ၅၈ ဦး နောက်ထပ်လည်း လိုအပ်သလို ထပ်ပို့နိုင်အောင် ကျမတို့ အသင်းတွေမှာ စည်းရုံးထားတာရှိတယ်။ ကျမတို့ ခုဆိုရင် ၁၅ဝ ကျော်လောက် ရထားတယ်။ ဒီပုဂ္ဂလိကဆေးရုံတွေ ကိုယ်တိုင်မှာလည်း quarantine ဝင်နေရတဲ့သူတွေ ပို့ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေရှိတယ်။ အဲဒါပြီးသွားရင် သူတို့ဝန်ထမ်းနိုင်လာရင် ကျမတို့ တဖြည်းဖြည်းထပ်ထည့်ဖို့ ရှိပါတယ်။”

စစ်ဆေးနိုင်တဲ့ ပမာဏများပြားလာတာနဲ့အမျှ ဗိုင်းရပ်စ်ပိုးတွေ့တဲ့ ဦးရေလည်း များလာမှာဖြစ်တဲ့အတွက် စောင့်ကြည့်ကုသရေးစခန်းတွေမှာ ဘယ်လိုလူတွေကိုထားမှာလဲဆိုတာကို လိုအပ်ချက်အရ ပြောင်းလဲဆုံးဖြတ်ဖို့လိုပါလိမ့်မယ်လို့လည်း ဒေါက်တာ အေးအေးစန်း ကပြောပါတယ်။

“ဒီနေ့ကစပြီး မြန်မာပြည်မှာ test kit နဲ့ အစိုးရဆေးရုံ ၉ ရုံမှာ စ စစ်နေတယ်။ နောက်ပြီး တို့ဖတ် swab ယူတာတွေလည်း မြို့နယ်တွေမှာ ယူလာပြီဆိုတော့ များများယူမယ်ဆိုရင် များများတွေ့လာပြီပေါ့နော်။ အကယ်၍ တအားများလာပြီဆိုရင် ကျမထင်တယ်။ အစိုးရက strategy ပြောင်းပါလိမ့်မယ်၊ ဘယ်လိုလူတွေကိုပဲ ဆေးရုံတင်တော့မယ် ဘယ်လိုလူတွေကို ကျတော့ ဒီ quarantine center မှာထားမယ်။ ဘယ်လိုလူတွေဆိုရင်တော့ အိမ်မှာနေမယ်။ အဲလိုတဖြည်းဖြည်း ဖြေလျှော့ချသွားမယ်ထင်ပါတယ်။ တချို့လူတွေကျတော့ home stay နေဆိုပြီး အိမ်မှာနေဖို့ အခက်အခဲရှိတာ ရှိမယ်။ အခက်အခဲရှိတဲ့သူတွေဆိုရင် အစိုးရရဲ့ community quarantine center တွေမှာနေဖို့ လိုအပ်သူတွေက နေရလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ဖာသာအိမ်မှာ သီးသန့်နေနိုင်တယ်။နောက်ပြီးတော့ အခုနောက်ပိုင်း ဒုတိယလှိုင်းမှာဖြစ်လာတဲ့ symptom မရှိတာတွေပေါ့နော်။ ဘာမှလဲ ဆေးရုံတက်ဖို့မလိုဘူး။ ကိုယ့်အိမ်မှာလည်း ကိုယ့်နေနိုင်တဲ့သူတွေကျတော့ အဲဒီမှာနေမှာပေါ့နော်။ အဲလိုမျိုး တဖြည်းဖြည်းလုပ်သွားမယ်ထင်တယ်။  ဒါကလည်း လိုအပ်ချက်အတိုင်း strategy တွေက ပြောင်းပြောင်းသွားမယ်လို့ထင်ပါတယ်။”

ပြည်သူတွေကို အိမ်မှာပဲနေထိုင်ဖို့ ထုတ်ပြန်တဲ့အမိန့်နဲ့ ပတ်သက်ပြီး အသံအဖွဲ့ရဲ့ ဒါရိုက်တာ မောင်ဆောင်းခ ကတော့-

“စည်းကမ်းတကျနေနိုင်တဲ့သူအားလုံး သူတို့ရဲ့လုပ်ငန်းခွင်မှာ လည်ပတ်ဖို့ သင့်တယ်။ အစိုးရကလည်း တဖက်မှာ သူတို့စားဝတ်နေရေးကို တာဝန်မယူနိုင်ဘဲ ပိတ်ထားတယ်ဆိုရင် လူထုအနေနဲ့ နားလည်မယ် မမြင်ဘူး။  ကိုဗစ်မကူးဖို့လည်း လမ်းစဉ်တွေရှိတယ်။ Mask ဘယ်လိုတပ်မလဲ။ လူနဲ့ဘယ်လိုခွာမလဲ ဒါမျိုးတွေ စနစ်တကျလုပ်ကိုင်မယ်ဆိုရင်တော့ တအိမ်ကို တယောက်ပေါ့၊ တမြို့နယ်ကနေတမြို့နယ်ကို အလုပ်လုပ်ဖို့သွားတာကို ခွင့်ပြုသင့်တယ်လို့ ကျနော်မြင်တယ်။”

ဒေါက်တာအေးအေးစန်းကတော့ လူတွေရဲ့ စားဝတ်နေရေးအရေးကြီးတာ မှန်ပေမဲ့ အသက်ရှင်သန်ရေးက ပိုမိုအရေးကြီးပါတယ်။ လိုအပ်ရင် အစိုးရနဲ့ အလှူရှင်တွေက ကူညီဖို့လိုတယ်လို့ ပြောပါတယ်။

“တချို့တွေကျတော့ စီးပွားရေးအတွက် တနေ့လုပ်မှ တနေ့စားတွေဆိုတော့အခက်အခဲရှိတယ်။ တချို့ကတော့လည်း ဒီကာလတိုအတွင်း တောင့်ခိုင်နိုင်တဲ့အခြေအနေရှိမယ်။ ငွေကြေးလုံးဝ မတတ်နိုင်တဲ့လူတွေကိုတော့ အစိုးရနဲ့ အလှူရှင်တွေက တာဝန်ယူရမှာပဲ။  အလုပ်ရှိတဲ့သူတွေကတော့ အလုပ်ရှင်တွေကုမ္ပဏီတွေပေါ့။ နောက်တတ်နိုင်သူတွေက မတတ်နိုင်သူတွေကို ကူညီမယ်ဆိုရင် ကာလတိုတခုဆိုပါတော့။ ၂ ပတ်နဲ့ မရရင် နောက် ၂ ပတ်ပေါ့။ ဆိုလို့ရှိရင် ဒီ Curve က ကျသွားနိုင်တာပေါ့။(ဗိုင်းရပ်စ်ကူးစက်မှု) ကွင်းဆက်ပြတ်သွားမယ်”

ကိုရိုနာဗိုင်းရပ်စ်ကူးစက်တဲ့ဦးရေ များလာတာနဲ့အမျှ ကာကွယ်ကုသရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီအတောအတွင်း အမေရိကန်ဆေးကုမ္ပဏီတွေက ဒီနှစ်မကုန်ခင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို ထုတ်လုပ်နိုင်မယ်လို့ ပြောဆိုနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။