ပေါက်မြို့က ပရဟိတသမားနှစ်ဦးကို စစ်ကောင်စီဖမ်းဆီး
မကွေးတိုင်း၊ ပေါက်မြို့နယ် ရေပြာကျေးရွာက ပရဟိတသမားနှစ်ဦးကို ဖောက်ခွဲမှုလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဩဂုတ်လ ၃၀ ရက် မနေ့ည ၁၁ နာရီ ဝန်းကျင်ခန့်မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံက RFA ကို ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၃၄ နှစ်အရွယ် ကိုအိသော်နဲ့ အသက် ၄၀ အရွယ် ကိုကျော်ဝင်းမြင့်တို့ဖြစ်ပြီး သူတို့နှစ်ဦးဟာ ရေပြာကျေးရွာမှာရှိတဲ့ ဖြူစင်မေတ္တာအသင်းက ပရဟိတသမားတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"PPDF က ရေပြာရွာ ဒလံအိမ်ကို ဗုံးနဲ့သွားခွဲတာ ကားအင်ဂျင်ကွဲသွားတယ်။ အဲဒါကို ရေပြာထဲမှာရှိတဲ့ ကိုအိသော်နဲ့ ကိုကျော်ဝင်းမြင့်ကို တိုင်တဲ့သူရှိလို့ဆိုပြီး လာခေါ်သွားတယ်။ မနေ့ကအထိ ပြန်လွှတ်ပေးမယ် လို့ ထင်နေကြတာ" လို့ ဒေသခံက ပြောပါတယ်။
လက်ရှိနှစ်ဦးစလုံးကို ရေပြာမြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထားပြီး မိသားစုဝင်တွေကတော့ ရဲစခန်းမှာသွားရောက် တွေ့ဆုံခဲ့တယ်လို့ သိရပေမယ့် နောက်ဆက်တွဲအခြေအနေကိုတော့ တိတိကျကျ မသိရသေးဘူးလို့ ဒေသခံက ဆိုပါတယ်။
ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) ကတော့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ရေပြာရွာက ပျုစောထီး အဖွဲ့ဝင်ဆိုသူ ဦးအုံးရွှေရဲ့နေအိမ်ကို အသံဗုံးနဲ့ ခြောက်လှန့်သတိပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။