ပေါက်ခေါင်းမြို့နယ်မှာ လူနှစ်ဦးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ်

RFA Burmese
2024.08.16
ပေါက်ခေါင်းမြို့နယ်မှာ လူနှစ်ဦးကို PDF လို့ စွပ်စွဲပြီး သတ်ဖြတ် ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါက်ခေါင်းမြို့အဝင်ကို တွေ့ရစဉ်။
Citizen Photo

ပဲခူးတိုင်း အနောက်ခြမ်း၊ ပေါက်ခေါင်းမြို့နယ်မှာ ဒေသကာကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တွေလို့ စွပ်စွဲပြီး အမျိုးသားနှစ်ဦးကို အနက်ရောင် သေမင်းတမာန်အဖွဲ့က ဩဂုတ်လ ၁၃ ရက်နေ့က သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတ်ဖြတ်ခံရသူ နှစ်ဦးက အသက် ၃၀ ဝန်းကျင် အမျိုးသားတွေဖြစ်ပြီး ပေါက်ခေါင်းမြို့နယ် ရွှေဂူရွာနဲ့ ဒလမဲရွာ မှာ နေထိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

RFA က ရရှိထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အနက်ရောင် သေမင်းတမာန်အဖွဲ့ စာပါ ကတ်ပြားကို လည်ပင်းမှာ ချိတ်ဆွဲထားပြီး ဒဏ်ရာတွေနဲ့ သေဆုံးသူ နှစ်ဦးကို တွေ့ရပါတယ်။ အဲဒီ သတ်ဖြတ်ခံရသူ အမျိုးသားနှစ်ဦးရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။

ဒီသတ်ဖြတ်ခံရသူထဲမှာ ဆိုင်ကယ်လိုင်စင်ကိစ္စနဲ့ ဖမ်းဆီးခံရသူ တစ်ဦးပါဝင်ပြီး အလောင်းတွေကို ဗောဓိကုန်းရွာ စာသင်ကျောင်းအနီးမှာ တွေ့ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

အနက်ရောင် သေမင်းတမာန်အဖွဲ့ကတော့ ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းကို PDF က သတ်ဖြတ်ခဲ့တာကြောင့် PDF နှစ်ဦးကို ပြန်သတ်ဖြတ်ခဲ့တယ်လို့ ဩဂုတ်လ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ သူတို့အဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ပြောပါတယ်။

သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုလူအေးကတော့ အနက်ရောင် သေမင်းတမာန်အဖွဲ့ဟာ PDF မဟုတ်သူတွေကို စွပ်စွဲသတ်ဖြတ်နေတယ်လို့ RFA ကို ပြောပါတယ်။

"မြေပြင်မှာ လွတ်လွတ်လပ်လပ် ရှိနေတဲ့ PDF တွေကို သတ်တာဖြတ်တာ မဟုတ်ဘူး။ ထောင်ထဲမှာ အဆင်သင့် ဖမ်းထားပြီးသား လူတွေ အမှုအမျိုးမျိုး ပုဒ်မအမျိုးမျိုးနဲ့ မတရားသဖြင့် ဖမ်းထားတဲ့ လူတွေထဲကနေပြီးတော့ အိပ်ထဲက ဖားတွေလို သူတို့ ရိုက်သတ်နေတာပါပဲ။ ဒီဘက်က လုပ်တိုင်း သူတို့ဘက်က အလောင်းလာချတဲ့ အကျင့်ဖြစ်နေတယ်”

အနက်ရောင် သေမင်းတမာန်အဖွဲ့မှာ ပျူစောထီးအဖွဲ့ဝင်တွေ ပါဝင်ပြီး ရဲနဲ့ စစ်ကောင်စီတပ်သားတွေက ကျောထောက်နောက်ခံပေးထားတဲ့ အဖွဲ့ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးတင်ဦးကို RFA က ဖုန်းဆက်နဲ့ သွယ်ပေခဲ့မဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

ပဲခူးတိုင်းအနောက်ခြမ်းမှာ အနက်ရောင်သေမင်းတမာန်အဖွဲ့က လက်ရှိအချိန်အထိ လူ ခုနစ်ဦးခန့် သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။