မော်လမြိုင်-မြိတ်လမ်းကို စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်နေ

RFA Burmese
2023.06.21
မော်လမြိုင်-မြိတ်လမ်းကို စစ်ကောင်စီ ပစ်ခတ်တိုက်ခိုက်နေ မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမကြီးမှာ သွားလာနေတဲ့ ကားတွေကို KNLA၊ S.O.F နဲ့ PDF ပူးပေါင်းစစ်ကြောင်းက စစ်ဆေးနေတာကို ၂၀၂၃ ခုနှစ် ဇွန်လက တွေ့ရစဉ်။
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

မွန်ပြည်နယ် မော်လမြိုင်မြို့ကနေ ရေးနဲ့ထားဝယ်မြို့တွေကိုဖြတ်ပြီး တနင်္သာရီတိုင်း မြိတ်မြို့ကိုသွားတဲ့ လမ်းကြောင်းကို စစ်ကောင်စီက ပစ်ခတ်တိုက်ခိုက်နေတယ်လို့ အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က ပြောပါတယ်။

အဲဒီလမ်းပေါ်မှာ KNLA နဲ့ ပူးပေါင်းတပ်တွေက လုံခြုံရေးစခန်းတွေချပြီး အစစ်အဆေးတွေလုပ်နေတာကြောင့် စစ်ကောင်စီဘက်ကလည်း ပြန်တိုက်နေတာလို့ KNLA တပ်ရင်း ၂၇ စစ်ရေး တာဝန်ရှိသူ က RFA ကို ပြောပါတယ်။

ရေးမြို့အခြေစိုက် ခမရ ၅၈၈၊ ခလရ ၁၀၆ တပ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာလို့ ဆိုပါတယ်။ အဲဒီလမ်းကိုအသုံးပြုပြီး စစ်ကောင်စီက လက်နက်ခဲယမ်းမီးကျောက်တွေ မတိုးချဲ့နိုင်အောင်လို့ KNLA နဲ့ ပူးပေါင်းတပ်တွေက စစ်ဆေးရေးတွေ လုပ်နေတာလို့လည်း တာဝန်ရှိသူက ပြောပါတယ်။

“ ကျွန်တော်တို့ဘက်က အဖွဲ့သုံးဖွဲ့ခွဲပြီး စစ်ဆေးနေပါတယ်၊ လက်ရှိ လမ်းကြောင်းကတော့ အစစ်ဆေး နည်းနည်းကြမ်းနေတယ်ဗျ၊ စကစ ဘက်ကလည်း ဒီနေ့ မနက်ပဲ ကျနော်တို့ နေရာယူထားတဲ့ လမ်းမတန်းဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ်၊ အခုထိလည်း ပစ်နေတုန်းပဲ၊ ရေးတပ် ၅၈၈ နဲ့ ၁၀၆ တပ်ရင်းတွေဘက်က ပစ်နေတာလို့ သိရတယ်။ ဒေသခံ ရော်ဘာခြံတွေထဲ ကျပေါက်တာတွေရှိတယ်၊ ကျွန်တော်တို့ ဘက်ကတော့ အခုချိန်ထိ ထိခိုက်မှုမရှိသေးဘူး”

စစ်ကောင်စီဘက်က အိမ်စီးကားတွေသုံးပြီး ဒီလမ်းကိုဖြတ်ဖို့ ကြိုးစားနေပါတယ်။ အိမ်စီးကားနဲ့ ပုံဖျက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကို ဇွန်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တယ်လို့ KNLA တပ်ရင်း ၂၇ တာဝန်ရှိသူကလည်း ပြောပါတယ်။

“ ဖမ်းမိတဲ့ စကစ လေးယောက်ထဲမှာ ရေးမြို့တပ်ရင်း (၁၀၆) က တစ်ယောက်ပါတယ်၊ နောက်ပြီးတော့ ရေတပ်က တစ်ယောက်၊ လေတပ်က တစ်ယောက်လို့တော့ကြားတယ်၊ ကျန်တဲ့တစ်ယောက်က ဘယ်ကလဲ ဆိုတာမျိုးကို တိတိကျကျ မသိရသေးဘူး၊ စစ်ဆေးတာတွေ အရေးယူတာတွေ ဆက်လုပ်မယ်”

KNU တပ်မဟာ ၆ KNLA တပ်ရင်း ၂၇၊ နဂါးနီ၊ SOF နဲ့ ကျားဖြူစစ်ကြောင်း ပူးပေါင်းတပ်တွေ အဲဒီလမ်းပေါ်မှာ လှုပ်ရှားနေတာပါ။

အဲဒီလမ်းပိုင်းမှာ ကုန်ကားမောင်းသူ တစ်ယောက်ကတော့ စစ်တပ်ရော PDF တွေရော စစ်ဆေးတာတွေ့ရတယ်လို့ ပြောပါတယ်။

“ မော်လမြိုင်ကနေ ရေးတို့ ထားဝယ်တို့ကို ကုန်ကားတော့ သွားလို့ရတယ်၊ PDF တွေကတော့ စစ်တယ်၊ ရေးနဲ့ ထားဝယ် ကြားပေါ့၊ လမ်းဘေးမှာ သူတို့အဖွဲ့တွေ ရှိနေတယ်၊ စစ်တပ်ကတော့ တံတားဂိတ် လမ်းဂိတ်တွေ လမ်းတစ်လျှောက်မှာမရှိဘူး၊ မြို့ဝင် မြို့ထွက်တွေမှာတော့ စစ်တပ်ဂိတ်တွေ စစ်တာရှိတယ်၊ PDF တွေနဲ့ ဘယ်နားတွေ့လဲ ဘာညာပေါ့၊ မေးတာ ရှိတယ်”

မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ထားဝယ်၊ မြိတ် အမှတ် (၈) လမ်းမကြီးကို အသုံးပြု သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စည်းကမ်းချက်အတိုင်း လိုက်နာရမယ်လို့ KNLA တပ်ရင်း ၂၇ က ဇွန် ၁၀ ရက်က ကြေညာချက် ထုတ်ထားပါတယ်။

ဇွန်လ ၂၁ ရက် ညပိုင်း အထိ KNU တပ်မဟာ ၆ နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ တိုက်ပွဲဆက်တိုက်ဖြစ်နေပါတယ်။

အဲဒီဘက်က အခြေအနေတွေကို မေးမြန်းဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ RFA ရုံးချုပ်က ဖုန်းဆက်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။