စစ်ဘေးသင့်ဒေသက ပြည်သူရဲ့ ဆန္ဒ အရေးကြီးကြောင်း ကိုမင်းကိုနိုင်ပြော


2013.09.21
peace-ygn-305.JPG ရန်ကုန်မှာ စက်တင်ဘာလ ၂၁ ရက်နေ့ကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ပါဝင်ဆင်နွှဲ ကြသူများကို တွ့ရစဉ်
photo: RFA/ Myo Zaw Ko

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ စစ်မက်ဖြစ်ပွားနေတဲ့နေရာက ပြည်သူတွေရဲ့ ဆန္ဒတွေလည်း ပါဝင်ဖို့လိုအပ်တယ်လို့ ၈၈ မျိုးဆက်ပွင့်လင်းလူမှုအဖွဲ့အစည်း က ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ပြောကြားလိုက်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ ဒီနေ့ကနေ လာမယ့် ၂၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတဲ့ ရှမ်း မွန် ကယားပြည်နယ်က တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကိုမင်းကိုနိုင်က တိုက်တွန်းပြောကြားခဲ့တာပါ။

ငြိမ်းချမ်းရေးအတွက် ကျနော်တို့ရဲ့အမြင်ကတော့ နှစ်ဘက်သောလက်နိုင်ကိုင် ခေါင်းဆောင်တွေ ဆွေးနွေးရုံနဲ့ မလုံလောက်ဘူးလို့ ကျနော်တို့မြင်ပါတယ်၊ အနည်းဆုံးတော့ အဲဒီ့စစ်မက်ဖြစ်ပွားရာဒေသတွေမှာရှိတဲ့ ပြည်သူတွေရဲ့ တိတ်ဆက်နေတဲ့အသံတွေ၊ ဖုံးကွယ်ထားတဲ့ရုပ်ပုံတွေကို အဲဒီအစည်းအဝေးပွဲကိုတက်လာဖို့ ကာယကံရှင်ပြည်သူတွေရဲ့ အသံတွေ၊ သဘောထားဆန္ဒတွေ၊ သူတို့မျှော်လင့်တဲ့ အနာဂတ်တွေမပါပဲနဲ့ ဆွေးနွေးစကားဝိုင်းထိုင်ရုံနဲ့ မပြည့်စုံဘူးလို့ တင်ပြချင်ပါတယ်"

အဲဒီညီလာခံကို လေ့လာသူအဖြစ် တက်ရောက်နေတဲ့ PNLO အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်သူရိန်ကလည်း တစ်ပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း တက်ရောက်လေ့လာခွင့်ပြုဖို့ လိုအပ်ကြောင်း ပြောပါတယ်။

"တစ်ပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲရေးကို လုပ်မယ်ဆိုရင် ပိုမိုလေးနက်အောင် စီမံဆောင်ရွက်ရမယ်လို့ ကျနော်မြင်ပါတယ်၊ နိုင်ငံတကာတာဝန်ရှိသူများ ရှေ့မှောက်မှာ လုပ်မယ်၊ ပြီးမယ်ဆိုရင်တော့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေကိုလည်း အမြန်ဆုံး အကောင်အထည်ဖော်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"

ဒီနေ့ တောင်ကြီးမြို့က တိုင်းရင်းသားအဖွဲ့တွေရဲ့ ယုံကြည်မှုတည်ဆောက်ခြင်းဆွေးနွေးပွဲ ဖွင့်ပွဲနေ့ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တိုင်းရင်းသား နိုင်ငံရေးပါတီတွေအပြင် အရပ်ဖက်လူမှုအဖွဲ့အစည်းပေါင်း ၄ဝ လောက် တက်ရောက်ခဲ့ပါတယ်။

ဒီညီလာခံကို ဦးဆောင်ကျင်းပပေးတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။