ငြိမ်းချမ်းရေးသင်္ဘော ရန်ကုန်မြို့ကို ရောက်ရှိ
2018.12.11

ဧရာဝတီမြစ်ကြောင်းတလျောက် ဖြတ်သန်းလာတဲ့ ငြိမ်းချမ်းရေးသင်္ဘော လှုပ်ရှားမှုဟာ ငြိမ်းချမ်းရေးရရှိဖို့ ပြည်သူတွေ နိုးကြားကြောင်းကို ပြသတာဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ပြောပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ လှုပ်ရှားမှုတစ်ခုဖြစ်တဲ့ ငြိမ်းချမ်းရေး တွဲလက်များဆိုတဲ့ ခေါင်းစဉ်နဲ့ မန္တလေးကနေ ထွက်ခွာလာတဲ့ ငြိမ်းချမ်းရေးသင်္ဘောဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ရာ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ နိုင်ငံရေးပါတီတွေနဲ့ ကျောင်းသားလူငယ်တွေက ကြိုဆိုခဲ့ကြပါတယ်။ အဲဒီသင်္ဘောဟာ မြို့ပေါင်း ၂၆ မြို့ကို ဖြတ်သန်းပြီး ဆိုက်ကပ်တဲ့ မြို့တိုင်းမှာ ငြိမ်းချမ်းရေးဟောပြောပွဲတွေ၊ စကားဝိုင်းတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီသဘောၤပေါ်မှာ သုံးရောင်ခြယ်အဖွဲ့က ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ မြန်မာနိုင်ငံ မသန်စွမ်းအဖွဲ့တွေ စုပေါင်းတာဖြစ်ပါတယ်။
သင်္ဘောဆိုက်ကပ်ပြီးနောက် လိုက်ပါလာသူတွေနဲ့ ကြိုဆိုသူတွေဟာ ပန်းဆိုးတန်းကနေ မြို့တော်ခန်းမရှေ့အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေးရရှိဖို့နဲ့ ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်ဖို့ ဆုတောင်းခဲ့ကြပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ဇောဝင်း ပေးပို့တာပါ။