ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူများ နေပြည်တော်သို့ ရောက်ရှိ
2013.02.02

ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ ခရီးစဉ်မှာ ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က နှောင့်ယှက်တာတွေရှိခဲ့ပေမယ့် စစ်ပွဲဖြစ်နေတဲ့ လိုင်ဇာအထိ ရောက်အောင်သွားပြီး ငြိမ်းချမ်းရေးအလံ စိုက်ထူမယ်လို့ လမ်းလျှောက်ရာမှာပါဝင်တဲ့ ဦးမောင်စန်းက RFA ကို အခုလိုပြောပါတယ် ။
"စစ်ပွဲဖြစ်နေတဲ့နေရာတွေမှာ ငြိမ်းချမ်းသွားဖို့အတွက် ပြည်သူလူထုမှာ တာဝန်ရှိတယ်၊ ကျနော်တို့မှာ တာဝန်ရှိတယ်လို့ ယူဆတာကြောင့် တိုက်ပွဲဖြစ်ပွားနေတဲ့ လိုင်ဇာမြို့အထိ လမ်းလျှောက်ပြီး ငြိမ်းချမ်းရေးအလံတိုင်ကို စိုက်ထူမယ်"
ရန်ကုန်မြို့က စတင်ထွက်ခွာလာတာ ဒီကနေ့ နေပြည်တော်ကို ရောက်ရှိတဲ့အထိ ၁၃ ရက် ကြာမြင့်ခဲ့ပြီး ခရီးစဉ်တစ်လျှောက်ရရှိခဲ့တဲ့ အလှူငွေ ၄၉ သိန်းနဲ့၊ အဝတ်အထည်၊ ဆေးဝါးအားလုံးကို ကချင်စစ်ဘေးသင့်ပြည်သူတွေကို လှူဒါန်းသွားမယ်လို့ သိရပါတယ်။
အဲဒီ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတွေဟာ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ နန်းအောကျေးရွာမှာ ဒီကနေ့ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။