ဖယ်ခုံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် သုံးဦးသေဆုံး

RFA Burmese
2024.04.12
ဖယ်ခုံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးတွေအပါအဝင် သုံးဦးသေဆုံး ဖယ်ခုံတွင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်များကို ၂၀၂၄ ခုနှစ်ဧပြီလ ၁၂ ရက် က တွေ့ရစဉ်။
ကရင်နီလူ့အခွင့်အရေးအဖွဲ့

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်အနောက်ဘက်ခြမ်းက ရွာတွေကို ဧပြီလ ၁၁ ရက် မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သားသုံးဦးသေဆုံးပြီး နောက်ထပ်ငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ အသက်သုံးနှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးနဲ့ ၆၅ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးတယ်လို့ ကရင်နီလူ့အခွင့်ရေးအဖွဲ့ (KNHRG) က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ပေါင်ငါးရာဗုံး လေးလုံးကြဲချခဲ့တာမှာ အရပ်သားတွေ ထိခိုက်သေဆုံးရတာလို့ ကရင်နီ လူသားချင်း စာနာထောာက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီနေရာမှာ တိုက်ပွဲမရှိဘူး။ ထိတွေ့မှုလည်း မရှိဘူး၊။ အဲဒီရွာတွေကလည်း စစ်ဘေးရှောင်ရွာတွေ ဖြစ်တယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမှ အခြေချထားတာမရှိဘူး။ အဲဒါကို ဗုံးကြဲတာ”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သူကဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာမရှိပါဘူး။

ဧပြီလ ၂ ရက်နေ့ကလည်း ဖယ်ခုံမြို့နယ် ဆောင်ငံကျေးရွာအုပ်စု၊ ဆိုင်ခွန်ရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားလေးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်ကျော်ကာလတွင်း ရှမ်းပြည်တောင်ပိုင်းနဲ့ ကယားပြည်နယ်မှာ အရပ်သား ၆၃၂ ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။