ဖယ်ခုံက စစ်ဘေးဒုက္ခသည်စခန်း ထပ်မံဗုံးကြဲခံရ
2024.11.18

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် လအိရွာမှာရှိတဲ့ ဘန်ကောက်စစ်ဘေးဒုက္ခသည် စခန်းကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၁၈ ရက်နေ့ နေ့လယ်ပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားတယ်လို့ ကရင်နီကြား ကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ဦးဗညားက RFA ကို ပြောပါတယ်။
“အရင်ကြဲသွားတဲ့နေရာကို လာကြဲတာဗျ။ အဲဒီမှာ ချက်(စ်)ကျောင်းရှိတယ်။ အဲဒီနေရာတစ်ဝိုက်ကိုပဲ လာကြဲသွားတာ။ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ ကနဦး သိရပါတယ်”
မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ် (၂) ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ် နှစ်စင်းနဲ့ ဘန်ကောက် ဒုက္ခသည်စခန်းပတ်လည်ကို ပေါင်ငါးရာ၊ ပေါင်သုံးရာဗုံးတွေ အပါအဝင် ဗုံးငါးလုံး ကြဲချခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ခရစ်ယာန် ဘုရားကျောင်းနဲ့ နေအိမ်အဆောက်အအုံတချို့လည်း ပျက်စီးတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။
လူတစ်ရာကျော် နေထိုင်တဲ့ အဲဒီဒုက္ခသည်စခန်းကို စစ်ကောင်စီတပ်ရဲ့ စက်တင်ဘာ ၅ ရက်နေ့က ဗုံးကြဲတိုက်ခိုက်မှုမှာလည်း ကလေးငယ်တွေ အပါအဝင် ကိုးဦး သေဆုံးပြီး လူနှစ်ဆယ်နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ဆယ်လအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၅၄၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က နိုဝင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။