WHO ဝန်ထမ်း သေဆုံးရမှုအပေါ် သမ္မတရုံး ကော်မရှင်ဖွဲ့စစ်ဆေးမည်


2020.04.29

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် ပစ်ခတ် တိုက်ခိုက်ခံရတဲ့ကိစ္စဟာ အေအေအဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ တပ်မတော်နဲ့ အစိုးရ သတင်းမီဒီယာတွေမှာ ရေးသားပြောဆိုခဲ့ပြီးနောက် ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးဖို့ဆိုပြီး နိုင်ငံတော်သမ္မတက မနေ့ကရက်စွဲနဲ့ ကော်မတီ ဖွဲ့ပြီး တာဝန်ပေးခဲ့တာပါ။

ဒီကော်မတီမှာ ပြည်သူ့လွှတ်တော် နိုင်ငံသားများရဲ့ မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး နိုင်ငံတော်သမ္မတရုံးရဲ့ တွဲဘက်တာဝန်ကိုယူထားတဲ့ ဗိုလ်မှူးကြီး ထိန်လင်းကတော့ အတွင်းရေးမှူးအဖြစ် တာဝန်ယူထားပါတယ်။

အဖွဲ့ဝင်တွေကတော့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်နဲ့ ကုလသမဂ္ဂ အကြီးတန်းအကြံပေး အငြိမ်းစား ဒေါက်တာစုစုသာထွန်းတို့ ဖြစ်ပါတယ်။

မြေပုံမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ ဒီကော်မတီကို အပြုသဘောနဲ့ ကြိုဆို တယ်လို့ ပြောပါတယ်။

“ပြည်သူ့လွှတ်တော်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တယ်ဆိုတာက တစ်ဘက်က ကျွန်တော်တို့ အားရဝမ်းသာရှိပါ တယ်။ ဒီအဖွဲ့မှာ သက်ဆိုင်ရာ မြို့နယ်တွေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကိုပါ ထည့်ပြီးတော့ ဆပ်ကော် မတီအနေနဲ့ပဲဖြစ်ဖြစ် ပါဝင်ဖွဲ့စည်းပြီးတော့ စုံစမ်းနိုင်မယ်ဆိုရင် ပိုပြီးတော့ ကောင်းတယ်။ ကျယ်ကျယ် ပြန့်ပြန့် လုပ်နိုင်မယ်ဆိုရင် ပိုပြီးတော့ ကောင်းပါတယ်။ ဒါမှမဟုတ် ဝတ်ကျေတမ်းကျေသဘောနဲ့ နိုင်ငံတကာရဲ့ ဖိအား တွေကို ရှောင်လွှဲဖို့လုပ်တာမျိုးဆိုရင်တော့ ဒါအစဉ်အလာမကောင်းဘူး။ ဖြစ်ပေါ်လာမယ့် အခြေအနေအတွက် လည်း လွဲချော်နေလိမ့်မယ်။ ဒီနေရာမှာ ဖိအားပေးခံရတဲ့ ကော်မတီမျိုးမဖြစ်ဖို့၊ ဖိအားပေးတာကို မကြောက်မရွံ့ဘဲ အမှန်တရားဘက်က ရပ်တည်ဖြေရှင်းပေးဖို့ ကော်မတီမျိုး ဖြစ်မယ်ဆိုရင်တော့ ဒါအကောင်းဆုံးပဲ။ ကျွန်တော်တို့ လည်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကြိုဆိုပါတယ်”


ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ရခိုင်ပြည်နယ်က ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ စောင့်ကြည့်ခံရသူတွေရဲ့ တို့ဖတ် နမူနာတွေကို ဓာတ်ခွဲစစ်ဆေးဖို့ WHO ဝန်ထမ်းဦးပြည့်စုံဝင်းမောင်နဲ့ အစိုးရကျန်းမာရေး ဝန်ထမ်း ဦးအောင်မျိုးဦး တို့ မော်တော်ကားနဲ့ ရန်ကုန်ကိုသွားရာမှာ မင်းပြားမြို့နယ် ရာမောင်ဇက်ဆိပ်အနီးမှာ ပစ်ခတ်ခံခဲ့ရတာပါ။

WHO ဝန်ထမ်း ဦးပြည့်စုံဝင်းမောင်ကတော့ အဲဒီနေ့ ညမှာပဲ ဒဏ်ရာတွေနဲ့ မင်းပြားဆေးရုံမှာ ကွယ်လွန်သွားပြီး ကျန်းမာရေးဝန်ထမ်း ဦးအောင်မျိုးဦးကတော့ ဆေးကုသမှု ခံယူနေရပါတယ်။

ဒီပစ်ခတ်မှုဟာ အေအေအဖွဲ့ရဲ့လက်ချက်ဖြစ်တယ်လို့ တပ်မတော်က စွပ်စွဲထားပေမယ့် အေအေအဖွဲ့ကလည်း သူတို့လက်ချက်မဟုတ်ဘဲ မြန်မာ့တပ်မတော်ရဲ့လက်ချက်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားတာပါ။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ လွတ်လပ်ပြီး တရားမျှတတဲ့ ကော်မတီတစ်ရပ်နဲ့ စုံစမ်းစစ်ဆေးဖို့ ပြည်တွင်းက လူမှုအဖွဲ့ အစည်းပေါင်း ၂၉၀ က ဧပြီလ ၂၃ ရက်နေ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။

တောင်းဆိုတဲ့ အထဲမှာပါဝင်တဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး REC ရဲ့ အတွင်းရေးမှူး ဦးဇော်ဇော် ထွန်း ကတော့ အခု ကော်မတီဟာ ဘက်လိုက်မှုကင်းကင်းနဲ့ စုံစမ်းနိုင်မလားဆိုတာကို သံသယဖြစ်မိကြောင်း ပြောပါတယ်။

“ကျွန်တော်တို့ လိုချင်တောင်းဆိုထားတဲ့ဟာနဲ့တော့ တော်တော်လေး ကွဲလွဲတာပေါ့လေနော်။ ကျွန်တော်တို့ တောင်းဆိုတာက ဒီစစ်ဆေးမှုတွေကို လုပ်ဖို့အတွက် ဒီကြားခံတစ်ခုခုက စစ်ဆေးပေးဖို့ တောင်းဆိုတာ ဖြစ် ပါတယ်။ ဒါပေမဲ့ အခုအစိုးရက ဖွဲ့ထားတဲ့ဟာကကျတော့ တပ်ကလည်းပါတယ်၊ နောက်အစိုးရ ဝန်ထမ်းပါတယ်။ ဆိုတဲ့အခါကျတော့ ကျွန်တော်တို့က ဘက်လိုက်မှု ကင်းကင်းနဲ့ လုပ်နိုင်ပါ့မလား၊ နောက်ပြီးတော့မှ တပ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို တကယ်ပဲထိထိရောက်ရောက် စစ်ဆေးနိုင်မလား ဆိုတာကိုတော့ ကျွန်တော်တို့ သံသယဖြစ်မိပါတယ်”


ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အရပ်သားသေဆုံးမှု၊ ဒဏ်ရာရမှုတွေက နေ့စဉ်လိုလိုရှိနေပြီး ဒီကိစ္စကို စုံစမ်း စစ်ဆေးတာတွေလုပ်ဖို့ ရခိုင်ဒေသခံတွေက တောင်းဆိုပေမယ့် အစိုးရက လုပ်ဆောင်တာမတွေ့ရပါဘူး။

အခု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပိုင် မော်တော်ယာဉ် တိုက်ခိုက်ခံရတဲ့ကိစ္စဟာ ပြည်ပနိုင်ငံတွေရဲ့ ဖိအားတွေကို ကာကွယ်ဖို့ လုပ်ဆောင်ချက်သာဖြစ်ပြီး မျှော်လင့်စရာမရှိဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

“ဒီကော်မတီရဲ့အစီရင်ခံစာသည်လည်းပဲ တပ်မတော်ရဲ့ ထုတ်ပြန်ကြေငြာချက်ကို အတည်ပြုတဲ့ အဆင့်ပဲဖြစ် လိမ့်မယ်လို့ ထင်ပါတယ်။ အဓိကကတော့ အဲဒါထက် ပိုအရေးကြီးတာကတော့ နိုင်ငံတကာက အဲဒါကို လက်ခံ နိုင်မလား၊ လက်မခံနိုင်ဘူးလားဆိုတာပါပဲ။ သူတို့တင်ပြတဲ့ အချက်အလက်ကိုပေါ့။ ဒါကတော့ ကုလသမဂ္ဂရော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနကရော ဒီကိစ္စကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ လိုအပ်တယ်လို့ ပြောတဲ့အချိန်မှာ နိုင်ငံတကာဖိအားတွေကို ကြိုတင်ကာကွယ်ဖို့အတွက် ပြင်ဆင်တာပါ”

WHO ဝန်ထမ်း သေဆုံးရတဲ့ကိစ္စအပေါ်  ကန့်ကွက်ရှုတ်ချကြောင်းနဲ့ စုံစမ်းမှုတွေလုပ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာက အစိုးရကို တိုက်တွန်းထားကြပါတယ်။

နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးထားတဲ့ ဒီကော်မတီရဲ့ လုပ်ငန်းတာဝန်တွေထဲမှာ စုံစမ်းစစ်ဆေးမှုတွေကို နိုင်ငံတကာစံနှုန်း၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ဖို့ ဖော်ပြထားပေမယ့် အေအေအဖွဲ့ဘက်ကိုပါ စုံစမ်းစစ်ဆေးမလား ဆိုတာကတော့ မသိရပါဘူး။

ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်ကတော့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ လတ်တလော ပြောလို့ မရသေးဘူးလို့ RFA ကိုပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ လိုအပ်တဲ့ ကိစ္စတွေကို ကော်မတီနဲ့ရော အစိုးရနဲ့ပါ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ RFA ကို ဖြေကြားပါတယ်။

ဒီဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ပတ်သက်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခု နောက်ဆုံးသတင်းထုတ်လွှင့်ချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ချက် မရသေးပါဘူး။ အလားတူပဲ AA ရက္ခိုင့်တပ်တော်ကို ဒီအကြောင်း သဘောထား မေးမြန်းထားတာလည်း အခုသတင်းရေးနေချိန်အထိ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ရခိုင်အရပ်ဘက်အဖွဲ့တွေရဲ့ပြောဆိုချက်အရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေအခု ၂၀၂၀ ဧပြီလအထိ သေဆုံးတဲ့ အရပ်သား ၂၀၀ ကျော်ရှိနေပါတယ်။

ဒီသေဆုံးမှုတွေအတွက် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးတာ မရှိခဲ့တဲ့အတွက် အခု WHO မော်တော်ယာဉ် တိုက်ခိုက် ခံရတဲ့ကိစ္စအပေါ်  စုံစမ်းစစ်ဆေးဖို့ ကော်မတီဖွဲ့တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဒီဖွဲ့စည်းလိုက်တဲ့ ကော်မတီနဲ့ပတ်သက်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခု နောက်ဆုံးသတင်းထုတ်လွှင့်ချိန်အထိ တစ်စုံတစ်ရာ တုံ့ပြန်ချက်မရသေးပါဘူး။ အလားတူပဲ AA ရက္ခိုင့်တပ်တော်ကို ဒီအကြောင်း သဘောထား မေးမြန်းထားတာလည်း အခုသတင်းရေးနေချိန်အထိ တုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ရခိုင်အရပ်ဘက်အဖွဲ့တွေရဲ့ပြောဆိုချက်အရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကနေအခု ၂၀၂၀ ဧပြီလအထိ သေဆုံးတဲ့ အရပ်သား ၂၀၀ ကျော်ရှိနေပါတယ်။

ဒီသေဆုံးမှုတွေအတွက် အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးတာ မရှိခဲ့တဲ့အတွက် အခု WHO မော်တော်ယာဉ် တိုက်ခိုက်ခံရတဲ့ကိစ္စအပေါ်  စုံစမ်းစစ်ဆေးဖို့ ကော်မတီဖွဲ့တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။