ကျောက်မိုင်းခွဲမှုတွေ အခြေအနေကို ဝန်ကြီးတွေထံ တင်ပြ
2017.12.12
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေရဲ့ မိုင်းခွဲမှုတွေကြောင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေ ပျက်စီးဆုံးရှုံးမှုအပါအဝင် တခြားသော ထိခိုက်ခံစားမှုတွေကို ဒေသခံတွေက ကချင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးတွေထံ ဒီနေ့ တင်ပြလိုက်ပါတယ်။
ကချင်ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ လီဆူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနဲ့ ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးတို့ဟာ ဒီနေ့ လုံးခင်းရွာနဲ့ ဖားကန့်မြို့တို့မှာ ဒေသခံတွေနဲ့ တေ့ွဆုံခဲ့တာဖြစ် ပါတယ်။ တွေ့ဆုံပွဲမှာ ဒေသခံတွေက တင်ပြခဲ့တဲ့အခြေအနေကို လုံးခင်းရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးလောခန်က ပြောပါတယ်။
"'ဒီလုပ်ကွက်တွေမှာ မိုင်းခွဲတာတွေ အိမ်တွေ တုန်ခါပြီးတော့ အိမ်မှန်တွေကွဲပြီး အက်သွားတာတွေ ရှိပါတယ်ခင်ဗျ၊ မိုင်းခွဲတဲ့အသံတွေက ငလျင်လှုပ်သလိုခံစားရပါတယ်၊ လုံးခင်းရွာထဲထိခံစားရတယ်၊ ကုမ္ပဏီကားတွေ ဟိုတစ်လောကတော့ ပျောက်သွားတာပေါ့၊ ဝန်ကြီးတွေလာမယ် ဆိုတော့ ကိုယ့်လုပ်ကွက်ထဲမှာ အကုန်လုံးဖွက်ထားတာ"
ဒါ့အပြင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီတွေရဲ့ ယာဉ်စက်ယန္တရားတွေ အကူအညီနဲ့ သက်တမ်းမကုန်ဆုံးသေးတဲ့ လုပ်ကွက်တွေမှာ ပူးပေါင်းလုပ်ကိုင်နေကြတာတွေကိုလည်း တင်ပြဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဝန်ကြီးသုံးဦးဟာ ဒီကနေ့ မနက်ပိုင်းက လုံးခင်းရွာ မေဓိကာရာမ ပရိယတ္တိစာသင်တိုက် လောကပါလဓမ္မာရုံနဲ့ ဖားကန့်မြို့ စုပေါင်းရုံတို့မှာ ဒေသခံပြည်သူတွေ၊ ကုမ္ပဏီလုပ်ငန်းရှင်တွေ အပါအဝင် ဌာနဆိုင်ရာတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဒီခရီးစဉ်အတွင်း ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေကိုလည်း သွားရောက်ကွင်းဆင်းမှာ ဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသကို သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်တို့လည်း သီးခြားစီသွားရောက် ကွင်းဆင်းလေ့လာခဲ့ဖူးပါတယ်။