ကျောက်တောင်ကမ်းပါးယံပြိုကျ ပျောက်ဆုံးသူ ၁၈ ဦးရှိ
2018.07.24

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု မမုံရွာအနီးက ဧရာရတနာ ကျောက်မျက်ကုမ္ပဏီလုပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ကျောက်တောင်ကမ်းပါးယံပြိုကျပြီး အဲဒီလုပ်ကွက်မှာ ကျောက်တူးနေသူ ၁၈ ယောက် ပျောက် ဆုံးနေကြောင်း ဖားကန့်မြို့နယ် အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အခုညနေပိုင်းအထိ ရုပ်အလောင်းတွေ မတွေ့ရှိသေးဘူးလို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
"နာမည်စာရင်း အပြည့်အစုံနဲ့ အဲဒီမှာ ပါသွားတယ်လို့ လာပြီးတော့သတင်းပို့ကြတာနဲ့ စိစစ်ပြီးတော့ အတည်ပြု နိုင်တာတော့ ၁၈ ဦးတော့ဖြစ်ပြီဗျ။ အလောင်းဖော်တာတော့ မရှိသေးဘူးဗျ။ ကျနော်တို့ကတော့ ရှာဖွေ ကယ်ဆယ်ဖို့အတွက်တော့ လူတွေစုဖွဲ့ပြီးတော့ အားလုံးတော့ အသင့်လုပ်ထားပါတယ်။ မနေ့ညတုန်းက မိုးရေချိန် လက်မ ၄ လက်မကျော်ရွာလိုက်တော့ ရေမဆေးတွေဝင်တူးနေတဲ့ အပေါ်ဘက်က ကျင်းကမ်းပါးယံက မြေပျော့ပြီးတော့ လျှောပြီးတော့ အောက်ကို ကျလာတဲ့သဘာပဲ။ အန္တရာယ်တော့ရှိပါတယ်။ စွန့်စားပြီး ရှာကြတယ် ဆိုတော့ ဒီလိုဖြစ်စဉ်တွေက လည်း တောက်လျှောက်ဖြစ်နေတဲ့ သဘောဖြစ်နေတယ်။"
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ ရက်နေ့ကလည်း လုံးခင်းအုပ်စု ဆန်ခါရွာအနီးက မဟာအစ ပထမ ကျောက်မျက်တူးဖော်ရေး လုပ်ကွက်အဟောင်းထဲမှာ ကျောက်တူးဖော်နေချိန် တောင်ကမ်းပါးယံပြိုကျလို့ လူ အယောက် ၂၀ ကျော်သေဆုံးခဲ့ တာကြောင့် ဒီနေ့ပြိုကျမှုနဲ့ဆိုရင် ၁၀ ရက်မှာ နှစ်ကြိမ်ပြိုကျခဲ့တာဖြစ်ပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေမှာ အဲဒီလို ကျောက်တောင်ကမ်းပါးယံတွေနဲ့ စွန့်ပစ်မြေစာပုံတွေပြိုကျချိန်မှာ နှစ်ရက်၊ သုံးရက်လောက်ရှာဖွေပြီးတဲ့နောက်ပိုင်း ကူညီကယ်ဆယ်ရေးတွေကို ရပ်ဆိုင်းလေ့ရှိ တာကြောင့် သေဆုံးသူအရေအတွက်ကို အတိအကျပြောဖို့ ခဲယဉ်းတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အစိုးရဋ္ဌာနဆိုင်ရာတွေနဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက RFA ကို အတည်ပြုပြောဆိုထားချက်တွေကို အခြေခံပြီး ၂၀၁၂ ခုနှစ်ကနေ လက်ရှိအချိန်အထိ ဖားကန့်ကျောက်စိမ်းမှော် နယ်မြေမှာ ကျောက်တောင် ကမ်းပါးယံတွေနဲ့ စွန့်ပစ်မြေစာပုံပြိုလို့ သေဆုံးခဲ့သူ အယောက် ၂၀၀ ကျော်ရှိနေပါတယ်။
ဖားကန့်ကျောက်စိမ်းမှော်ဒေသတွေဘက်မှာ တနိုင်တပိုင် ရေမဆေးကျောက် ရှာဖွေတူးဖော်ကြသူ အများစုအပါအဝင် တနိုင်ငံလုံးက လာရောက်လုပ်ကိုင်နေကြသူ ၂ သိန်း ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။