ဖားကန့်မှာ မြေစာပုံပြိုကျ၊ ၂၀ ဦး ပျောက်ဆုံးနေဆဲ
2015.01.07

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်မောင်းကုန်းကျေး ရွာနားမှာ မနေ့ညက ကျောက်စိမ်းကုမ္ပဏီတွေက စွန့်ပစ်တဲ့ မြေစာပုံပြိုကျခဲ့တာကြောင့် ရေမဆေးကျောက် ရှာသူတွေနဲ့ ဈေးရောင်းသူတွေ စုစုပေါင်း အယောက်၂၀ လောက် ပျောက်ဆုံးနေတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ပြော ပါတယ်။
အဲ့ဒီပြိုကျမြေစာပုံထဲက အမျိုးသား၂ ဦးရဲ့ အလောင်းတွေ ကို ရှာဖွေတွေ့ရှိထားတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်ဆွေမြင့်က ပြောပါတယ်။
"အောက်ပိုင်းမှာ ဘယ်လောက်ပါလဲဆိုတာ ခန့်မှန်း လို့မရဘူး၊ နှစ်ယောက်အလောင်းတော့တွေ့ပြီဗျ၊ ကိုမျိုးနိုင်နဲ့ ကိုနေလင်းပေါ့၊ ပျောက်တဲ့အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ဖော်ထုတ်လို့ရမှာ၊ ကျနော်တို့ အဲ့မှာရဲတပ်ရင်းကို လုံခြုံရေးချထားတယ်၊ ဘတ်ဟိုးတွေနဲ့ ဝိုင်းရံပြီးတော့ ကျနော်တို့ရှာနေတယ်"
ပြိုကျတဲ့မြေစာပုံဟာ ရတနာဆင်သီရိ၊ ဝေမိသားစုနဲ့ ယူနတီ ကျောက်မျက်တူးဖော်ရေးကုမ္ပဏီ ၃ ခုက စုပေါင်းစွန့်ပစ်တဲ့ မြေစာပုံဖြစ်ပါတယ်။
အဲဒီမြေစာပုံဟာ အရှည်ပေ ထောင့်ငါးရာနဲ့ အမြင့်ပေ ခုနှစ်ရာလောက်ရှိပြီး မနေ့ညကပြိုကျချိန်မှာ ရာသီဥတုဆိုးဝါးနေတဲ့အတွက် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မြေစာပုံတွေ ပြိုကျလို့ ထိခိုက်သေဆုံးမှုတွေ မကြာခဏဖြစ်ပေါ်နေပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ တစ်နိုင်တစ်ပိုင်ရေမဆေး ကျောက်ရှာဖွေလုပ်ကိုင်နေသူတွေ အပါအဝင် မြန်မာနိုင်ငံအနှံ့က လာရောက်ရွှေ့ပြောင်းလုပ်ကိုင်နေသူ နှစ်သိန်းကျော်ရှိတယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာ့ကျောက်မျက်ရောင်းချပွဲတွေမှာ ဖားကန့်ကျောက်စိမ်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးလေးထောင် ရရှိနေပါတယ်။ ဒါပေမဲ့ တရုတ်ပြည်နဲ့ တရားမဝင် မှောင်ခိုကျောက်စိမ်း အရောင်းအဝယ် ပမာဏက အဲဒီထက်ပိုများပြီး၊ ၂၀၁၁ ခုနှစ်ကဆိုရင် ဒေါ်လာ သန်းပေါင်း ရှစ်ထောင် ကျော်ရှိခဲ့တယ်လို့ ဟားဘတ်တက္ကသိုလ် အစီရင်ခံစာတစ်စောင်က ဖေါ်ပြပါတယ်။