ဖျက်ဆီးခံ ဝတ်ပြုဆောင်နေရာ တားမြစ်နယ်မြေအဖြစ် ကြေညာ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီ ဝတ်ပြုဆောင်နေရာကို တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပြီး ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက မနေ့က ပုဒ်မ ၁၃၃ ထုတ်ပြန်လိုက်ပါတယ်။
-
2016-07-04 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီ ဝတ်ပြုဆောင်နေရာကို တားမြစ်နယ်မြေအဖြစ်သတ်မှတ်ပြီး ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူးက မနေ့က ပုဒ်မ ၁၃၃ ထုတ်ပြန်လိုက်ပါတယ်။
အဲဒီနေရာကို ဘယ်သူမှ ဝင်ထွက်သွားလာခွင့်မပြုတဲ့ ပုဒ်မ ၁၃၃ ထုတ်ပြန်ထားတာဖြစ်ပြီး လက်ရှိမှာ အခြေအနေတွေ တည်ငြိမ်နေတယ်လို့ လုံးခင်းကျေးရွာမှာနေထိုင်တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။
"အဲ့နယ်မြေကို မည်သူမှ ဝင်ထွက်သွားလာခွင့်မပြုဆိုတဲ့ ပုဒ်မ ၁၃၃ ထုတ်ပြန်ထားပါတတယ်၊ ခြံစည်းရိုး ကာရံထားလိုက်ပြီးတော့ မည်သူမျှ ကျူးကျော်ဝင်ရောက်ခွင့်မရှိ ဆိုတဲ့ ဆိုင်းပုဒ်တွေ ကပ်ထားတယ်၊ ခုထက်ထိလည်း လုံခြုံရေးက တောက်လျှောက်ထားပါတယ်၊ အခြေအနေက အားလုံးကောင်းပါတယ်"
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုံးခင်း-လယ်ပြင် ဥရုချောင်းကူးတံတား စီမံကိန်းမှာပါဝင်တဲ့ အစ္စလာမ်ဘာသာဝင် အင်ဂျင်နီယာတစ်ဦးက အစိုးရခွင့်ပြုချက်မရှိဘဲ မူလ အဆောက်အဦငယ်ကို တိုက်ခံအဆောက်အဦကြီးအဖြစ် တည်ဆောက်လိုက်တာပါ။
ဒေသခံတွေက အဲ့ဒီအဆောက်အဦအသစ်ကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် တောင်းဆိုရာကနေ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က ဖားကန့်ဒေသမှာ ရေမဆေးကျောက် လာရောက်ရှာဖွေနေသူတွေ အများစုပါဝင်တဲ့အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
လောလောဆယ်မှာ ဖားကန့်မြို့နယ် တာဝန်ရှိသူတွေက မီးရှို့မှုမှာပါဝင်ခဲ့တယ်လို့ သံသယရှိနေတဲ့ အမျိုးသား လေးဦးနဲ့ အမျိုးသမီး တစ်ဦးကို ခေါ်ယူစစ်ဆေးနေပါတယ်။