ဝတ်ပြုဆောင် မီးရှို့ခံရမှု ကချင်ပြည်နယ်ဝန်ကြီး စစ်ဆေး
2016.07.03

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတဲ့ အစ္စလာမ် ဘာသာရေး ဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခု မီးရှို့ခံရတာနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် လုံခြုံရေး နဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင်က ဒီကနေ့ သွားရောက်စစ်ဆေးနေပါတယ်။
ဝတ်ပြုဆောင် မီးရှို့ခံရပြီးနောက်ဆက်တွဲ မလိုလားအပ်တာတွေ မဖြစ်ရအောင် ဖားကန့်ဒေသ တည်ငြိမ် လုံခြုံရေးအတွက် ဒေသခံရပ်မိရပ်ဖတွေအပါအဝင် ဌာနဆိုင်ရာတွေနဲ့ သွားရောက် ညှိနှိုင်းဆောက်ရွက် တာဖြစ်တယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူး ဦးအေးမောင်ကြည်က ပြောပါတယ်။
"ဥပဒေအရ ဆက်ပြီးတော့ဆောင်ရွက်နေပါတယ်၊ တရားမဝင်ကျူးကျော်ဆောက်လုပ်ထားတဲ့ အဆောက် အဦးကို ဖျက်သိမ်းပေးဖို့ကိုလည်း အဲ့ဒီမှာ ညှိနှိုင်းဆောင်ရွက်ထားပြီး ဖြစ်တဲ့ကြားထဲကနေပြီးတော့ ဒါလူအုပ်စု နဲ့ဝင်ပြီးတော့ ဆောင်ရွက်သွားတာဖြစ်ပါတယ်၊ ပြန်လည်ဖျက်သိမ်းဖို့ကိုလည်း ညှိနှိုင်းဆောင်ရွက်ထား ပြီးဖြစ်ပါတယ်၊ ရပ်မိရပ်ဖတွေ၊ ဌာနဆိုင်ရာတွေက ပေါင်းစပ်ပြီးတော့ ရပ်ရွာတည်ငြိမ်ရေးအတွက်ကို ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"
ကချင်ပြည်နယ် အိုလမာ သာသနာ့ပညာရှင်များအဖွဲ့ခွဲကလည်း နောက်ထပ်မဖြစ်ပွားစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့ နဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ထံ စာတင်ပြဖို့ ညှိနှိုင်းနေကြပါတယ်။
ပြီးခဲ့တဲ့ အစိုးရလက်ထက်က လုံးခင်း-လယ်ပြင် ဥရုချောင်းကူးတံတားစီမံကိန်းမှာပါဝင်တဲ့ အစ္စလာမ် ဘာသာဝင် အင်ဂျင်နီယာတစ်ဦးက အစိုးရခွင့်ပြုချက်မရှိပဲ မူလဘာသာရေး အဆောက်အဦးငယ် တစ်ခုကို တိုက်ခံအဆောက် အဦးကြီးအဖြစ် တည်ဆောက်လိုက်တာလို့ ဖားကန့်ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေက အဲ့ဒီအဆောက်အဦးအသစ်ကို ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် တောင်းဆိုရာကနေ ပြီးခဲ့တဲ့ဇူလိုင်လ ၁ ရက်နေ့က ဖားကန့်ဒေသ မှာ ရေမဆေးကျောက်လာရောက်ရှာဖွေနေသူတွေ အများစုပါဝင်တဲ့ လူ ၁၅၀ လောက် က မီးရှို့ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။
လောလောဆယ် အခြေအနေတွေ တည်ငြိမ်နေပြီး ပြည်နယ်ရဲတပ်ဖွဲ့၊ ရဲအရံတပ်ရင်း၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ က လုံခြုံရေးရယူထားပါတယ်။