ဝတ်ပြုဆောင် မီးရှို့မှု အစိုးရကို အိုလမာအဖွဲ့က တင်ပြမယ်


2016.07.02
pharkant-mosque-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ် လယ်ပြင်ကျေးရွာရှိ လုံးခင်း-လယ်ပြင် ဥရုချောင်းကူးတံတားအနီး က ခွင့်ပြုချက်မရှိဘဲ ဆောက်ထားတဲ့ ဝတ်ပြုသည့် အဆောက်အဦးကို ဇူလိုင်လ ၁ ရက်နေ့က မီးရှို့ ဖျက်ဆီးထားသည်ကို တွေ့ရစဉ်။
Photo: Thurin Naymin/ Facebook

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာမှာ မနေ့က ဝတ်ပြုဆောင် တစ်ခု မီးရှို့ဖျက်ဆီး ခံရတာနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အိုလမာသာသနာ့ ပညာရှင်များအဖွဲ့က ပြည်နယ်အစိုးရထံ တင်ပြဖို့ စီစဉ်နေပါတယ်။

လုံခြုံရေး အကာအကွယ် မရခဲ့ဘဲ ဖျက်ဆီးခံရပုံကို အစိုးရထံ မိမိတို့တင်ပြမယ်လို့ ကချင်ပြည်နယ် အိုလမာသာသနာ့ပညာရှင်များအဖွဲ့ဝင် ဟာဂျီ ဦးမင်းလွင်က ပြောပါတယ်။

"ဘာသာရေးအဆောက်အအုံတွေ ဖျက်ဆီးတာကို နိုင်ငံတော်အစိုးရက လုံခြုံရေးပေးပေမယ့် ထိရောက်တဲ့ လုံခြုံမှုမရှိလို့ ဒီလိုဖျက်ဆီးခံရ တာတွေဖြစ်တဲ့အတွက် နောက်နောင်ဒီလိုမဖြစ်ဖို့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ ကာကွယ်ပေးစေချင်ပါတယ်၊ ကချင်ပြည်နယ်အရင်အစိုးရအဖွဲ့ရော၊ လက်ရှိကချင် ပြည်နယ်အစိုးရအဖွဲ့ရော ဘာသာရေးမှာနှိပ်ကွပ်တာတို့ ပြင်းပြင်းထန်ထန် လုပ်တာဘာမှမရှိပါဘူး၊ လွတ်လွတ်လပ်လပ်ရှိပါတယ်၊ အခုလိုဖြစ်သွားတာတော့ ကျနော်တို့စိတ်မကောင်းပါဘူး"

လုံးခင်းကျေးရွာက အစ္စလာမ်ဘာသာဝင်တွေ ယာယီဝတ်ပြုတဲ့ အဆောက်အအုံတစ်ခုကို လူ ၁၅၀ လောက် မနေ့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

အဲဒီဘာသာရေးအဆောက်အအုံဟာ ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားတာဖြစ်ပြီး အုပ်ချုပ်ရေး အဖွဲ့က ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြပေမယ့် လူတွေက လက်မခံဘဲ ဖျက်ဆီးလိုက်တာဖြစ်တယ်လို့  လုံးခင်းရွာမှာနေထိုင်တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုး က ပြောပါတယ်။

"မြို့နယ်အုပ်ချုပ်ရေးမှူးရော၊ ခရိုင်အုပ်ချုပ်ရေးမှူးရော ရှင်းပြပေမယ့်လည်း လူအုပ်ကြီးက တဖြေးဖြေးများလာပြီး တာဝန်ရှိလူကြီးမင်းများ ရှင်းပြတဲ့အနေအထားကို လက်မခံဘဲ လူအုပ်ကြီးကဖောက်ထွက်ပြီးတော့မှ လူ ၁၅၀ လောက်မီးရှို့လိုက်ကြတယ်၊ ဝတ်ပြုကျောင်းဆောင်နဲ့ ပတ်သက်ပြီးတော့ ပိုင်ဆိုင်မှုအနေအထားအရရော၊ သာသနာရေးဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိ ဝတ်ပြုနေတဲ့ကျောင်းဆောင်ဖြစ်သလို အဆောက်အဦးတွေလည်း ခွင့်ပြုချက်မရှိဆောက်လုပ်ထားတာဖြစ်ပါတယ်"

လုံးခင်းကျေးရွာမှာ မနေ့က အဲဒီလို လူစုလူဝေးဖြစ်ခဲ့ပေမယ့် ဒီကနေ့ အခြေအနေ တည်ငြိမ်နေပြီဖြစ် ပါတယ်။

မနေ့က မီးရှို့ရာမှာ ဒေသခံတချို့နဲ့ ဖားကန့်ဒေသမှာ တစ်နိုင်တစ်ပိုင် ရေမဆေးကျောက်လာရောက် ရှာဖွေတူးဖော်နေသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့အညီ ထိရောက်စွာအရေးယူနိုင်ရေးနဲ့ နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုတွေရှိ၊ မရှိကို စုံစမ်းဖော် ထုတ်ပြီး တရားဥပေဒနဲ့အညီ အရေးယူသွားမှာဖြစ်ကြောင်း အစိုးရပိုင်ကြေးမုံတင်းစာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။