ဖားကန့်မှာ အစ္စလာမ်ယာယီဝတ်ပြုဆောင် မီးရှို့ဖျက်ဆီးမှု လူ ၅ ဦးကို ဖမ်းဆီး
2016.07.05

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာမှာ အစ္စလာမ်ဘာသာရေးဆိုင်ရာ ယာယီဝတ်ပြုဆောင်တစ်ခုကို မီးရှို့ဖျက်ဆီးမှုနဲ့ လူ ၅ ဦးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
အမျိုးသား လေးယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ဗလီကို ဖျက်ဆီးတဲ့ လူအုပ်ထဲမှာ ပါဝင်သူတွေဖြစ်ကြောင်း လုံးခင်းရွာ ရဲအရာရှိ ဦးမိုးလွင်က ပြောဆိုတယ်လို့ AFP သတင်း က ဖော်ပြပါတယ်။
ဒါပေမယ့် ပဲခူးတိုင်း ဝေါမြို့နယ် သရဲသမိန်ရွာမှာဖြစ်ပွားခဲ့တဲ့ ဗလီနဲ့ နေအိမ်တွေ ဖျက်ဆီးခဲ့တဲ့ကိစ္စမှာတော့ အခုထိ အရေးယူဖမ်းဆီးမှု မရှိသေးဘူးလို့လည်း ဖော်ပြပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး ပြောခွင့်ရသူ Rupert Colville က ဖားကန့်မြို့နယ် လုံးခင်းရွာမှာ သောကြာနေ့က အကြမ်းဖက်ဖျက်ဆီးမှု ဖြစ်ပွားချိန်အတွင်း၊ ဗလီဝတ်ပြုဆောင်မှာ ရဲတပ်ဖွဲ့ဝင်တွေရှိပေမယ့် အကြမ်းဖက်မှုကို တားဆီးအရေးယူဖို့ ပျက်ကွက်ခဲ့ကြောင်း သိရှိရလို့ အထူးစိုးရိမ်ကြောင်း ပြောပါတယ်။ ဒါ့ပြင် ဒီဖြစ်ရပ်တွေ နဲ့ ဒေသအာဏာပိုင်တွေရဲ့ တုန့်ပြန်ပုံကို အမြန်စုံစမ်းစစ်ဆေးအရေးယူဖို့ အစိုးရကို တောင်းဆိုပါတယ်၊ ဒီလို လူအုပ်နဲ့ အကြမ်းဖက်တဲ့ အပြုအမူတွေဟာ တိုင်းပြည်မှာ ရန်လိုမှုတွေကို လောင်စာဆီလောင်းသလိုဖြစ် သွားနိုင်တာကြောင့် ဘာသာရေးအကြောင်းခံ အကြမ်းဖက်လုပ်ရပ်တွေကို အမြန်တားဆီးဖို့ တိုက်တွန်းပါတယ် လို့လည်း ပြောဆိုပါတယ်။
လုံးခင်းရွာ ရဲအရာရှိကတော့ ဗလီလာဖျက်ကြသူတွေ များပြားတဲ့အတွက် ပါဝင်ပတ်သက်သူအားလုံးကို အရေးယူဖမ်းဆီးဖို့ မလွယ်ကူကြောင်း ပြောဆိုတယ်လို့ AFP သတင်းက ဖော်ပြပါတယ်။