အလွန်အကျွံကျောက်တူးဖော် မှုကြောင့် ပျက်စီးမှုတွေဖြေ ရှင်းပေးဖို့ ဆန္ဒပြ
2016.04.03

ဖားကန့်မြို့နယ် ဝှေခါကျေးရွာအုပ်စု လဂူးချောင်မှော်ရွာက မြေစာပုံအနီးက နေအိမ် ၄၀ ကျော်ဟာ ကျောက်စိမ်း တူးဖော်ရေးကုမ္ပဏီတွေရဲ့ အလွန်အကျွံကျောက်တူးဖော်မှုကြောင့် ပြိုကျပျက်စီးခဲ့တာတွေကို ဖြေရှင်းပေးဖို့ ရွာသားနှစ်ရာလောက်ဟာ မနေ့ကစပြီး ဆန္ဒပြတောင်းဆိုနေကြပါတယ်။
ကုမ္ပဏီတွေရဲ့ မြေစာစွန့်ပစ်တဲ့ ကားတွေ ဖြတ်သန်းသွားရာလမ်းတွေမှာ ပိတ်ဆို့ဆန္ဒပြနေတာ ဖြစ်တယ်လို့ ဆန္ဒပြ ရာမှာပါဝင်သူတစ်ဦးဖြစ်တဲ့ ဦးညွှန့်ရွှေ က ပြောပါတယ်။
"၂ လပိုင်း ၁၉ ရက်နေ့ကနေစပြီး မြေစာအက်ပါတယ်၊ နောက်တစ်ခါ ၃ လပိုင်း ၂ ရက်နေ့မှာ ၁၅ ပေလောက်ကျသွားတယ်၊ အဲ့ထဲမှာအိမ် ၂၀ ကျော်လောက် ပါသွားတယ်၊ ဒီလိုပဲတစတစ နဲ့ မြေတွေပြိုနေတဲ့အခါမှာ အိမ်တွေ ၄၈ လုံးလောက်ရှိနေပြီ၊ မိုးသာဆက်ရွာနေဦးမယ်ဆိုရင် နောက် ထပ် အိမ်တွေပါစရာ အများကြီးရှိသေးတယ်၊ အကုန်လုံးအက်ကြောင်းတွေလိုက်နေတဲ့အတွက် မနေ့က မိုးလည်း ရွာနေတော့ ဘယ်ချိန်ပြိုမလဲလို့ ကျနော်တို့လည်း ဘုရားတနေရတာ၊ အဲ့အိမ်ကလူတွေလည်း မအိပ်ရဲဘူး၊ သူတို့နဲ့နီးစပ်တဲ့အိမ်မှာ သွားအိပ်နေကြတာ"
ရွာသားတွေနေထိုင်တဲ့ မြေစာပုံမှာ နေကြာရတနာ၊ စိမ်းကမ္ဘာ၊ ကျောက်စိမ်းမင်း စတဲ့ ကုမ္ပဏီ ၆- ခုက မြေစာတွေ လာရောက်စွန့်ပစ်ပါတယ်။
အဲဒီမြေစာပုံမှာ ရွာသားတွေ အခြေချနေထိုင်နေတာ သုံးနှစ်ကျော်ရှိပြီး ဒီနှစ်ဆန်းပိုင်းက စက်ယန္တရားတွေနဲ့ စတင်တူးဖော်ရာမှာ အက်ကြောင်းတွေကနေ တဆင့် မြေပြိုမှုတွေဖြစ်တာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကစပြီး မတ်လအထိ ၄၈ အိမ်ပြိုကျပျက်စီးခဲ့သလို ရွာတစ်ဝိုက်က ချောင်းတွေလည်း တိမ်ကောလာပါတယ်။
စက်ယန္တရားတွေနဲ့ တူးဖော်မှုကြောင့် မူလ ဝှေခါကျေးရွာဟာ မြေစာပုံထဲနစ်မြုပ် ပျက်စီးခဲ့ပြီး အခုဆိုရင် ရွာဟာ မူလနေရာမှာ သီးခြားမရှိတော့ ပဲ မှော်သစ်ကုန်းကျေးရွာဘက်ကို ပြောင်းရွှေ့ထားရပါတယ်။
ဖားကန့်ကျောက်စိမ်းနယ်မြေမှာ မြန်မာနိုင်ငံအနှံ့ကနေ ရွှေ့ပြောင်းနေထိုင်ကြသူအများစုဟာ စွန့်ပစ်မြေစာပုံတွေ အနီးမှာ ရွာတည်ပြီး အခြေချနေထိုင် ကြတာဖြစ်ပါတယ်။
အဲဒီလိုဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး လဂူးချောင် ရွာသား ဦးညွှန့်ရွှေ ကို RFA သတင်းထောက် ကိုကျော်မျိုးမင်း က ဆက်သွယ်မေးမြန်းထားပါတယ်။