ဦးဖြိုးကိုကိုတင့်ဆန်း ကို ရုံးထုတ်
2018.01.03

ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ ပုဂ္ဂိုလ်တချို့ကို သွင်းကုန်ထုတ်ကုန်ဥပဒေပုဒ်မ ၈ အပါအဝင် ရာဇသတ်ကြီး ပုဒ်မ ၃ ခုနဲ့ တရားခံပြေးတစ်ဦးတို့ကို ဒီကနေ့ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ရဲတပ်ဖွဲ့က ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။
နေပြည်တော်၊ ဒက္ခိဏသီရိခရိုင်တရားရုံးမှာ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ ပါဝင်ပတ်သက်တဲ့ လူ ၈ ဦးကို ရုံးထုတ်စစ်ဆေးအပြီး ဒက္ခိဏခရိုင်၊ ဒုတိယတရားသူကြီး ဦးခင်မောင်ထွေး က အခုလိုပြောခဲ့ပါတယ်။
"ရဲကနေ တရားစွဲတင်တာကို ကျနော်တို့က လက်ခံတာပဲရှိတယ်၊ ဘာတစ်ခုမှ ကျနော်တို့ စွဲချက်မတင်ဘူး၊ ပထမရက်က ရာဇဝတ်ကြီးမှု ၅ မှုရယ် တရားခံပြေးမှု ၁ မှုရယ်၊ ဒီနေ့ ရာဇဝတ်ကြီးမှု ၃ မှုရယ်၊ တရားပြေးမှု ၁ မှုရယ်ဆိုတော့ အားလုံးရာဇဝတ်ကြီးမှုက ၈ မှုရယ် တရားခံပြေးမှုက ၂ မှုရယ်ပါ"
ဦးဖြိုးကိုကိုတင့်ဆန်းကို သွင်းကုန်ထုတ်ကုန်ဥပဒေအပြင် လယ်ဝေးနဲ့ ဒက္ခိဏသီရိရဲစခန်းတို့က ဆက်သွယ်ရေးဥပဒေတွေနဲ့ ထပ်မံတရားစွဲဆိုတာ ဖြစ်တဲ့အတွက် သူပါဝင်ပတ်သက်တဲ့အမှုတွေ ဟာဆိုရင် ၈ ခု အထိ ရှိလာတာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ အမျိုးသား ၃ ဦးကို နေပြည်တော်လေဆိပ်မှာ လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုတွေကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ရုံးချိန်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။