မောင်တောမြို့ ကျေးရွာတွေမှာ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်နေ


2018.12.15
maungtaw-622.jpg ရခိုင်ပြည်နယ် နယ်စပ်မြို့တော် မောင်တောမြို့အဝင် ဆိုင်းဘုတ်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မြောက်ပိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နဲ့ အနီးဝန်းကျင် ကျေးရွာတွေမှာ အခုလအတွင်း မဟာဓာတ်အားလိုင်းကနေ ၂၄ နာရီ လျှပ်စစ်ဓာတ်အားပေးနိုင်အောင် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဒီနေ့ပြောလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၄၄ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အတွက် ပေးပို့တဲ့သဝဏ်လွှာမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ထည့်သွင်းပြောဆိုခဲ့တာပါ။

မောင်တောဒေသမှာ ၆၆ ကေဗွီဓာတ်အားလိုင်းကနေ ၂၄ နာရီ လျှပ်စစ်မီးပေးနိုင်ဖို့ ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော ဓာတ်အားလိုင်းတွေ တည်ဆောက်နေပြီး ပြီးခဲ့တဲ့ မတ်လမှာ ရသေ့တောင်မြို့နဲ့ အောက်တိုဘာလမှာ ဘူးသီးတောင်မြို့ကို ၂၄ နာရီ လျှပ်စစ်မီး ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းချက်ပန်းတိုင် သုံးရပ်ချမှတ် ဆောင်ရွက်နေကြောင်းလည်း သမ္မတ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဒေသခံတွေနဲ့ ဆန္ဒသဘောထား၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွား သက်ရောက်နိုင်မှုတွေကို အလေးထားသုံးသပ်ပြီး ဆောင်ရွက်နေတယ်လို့လည်း ပါရှိပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအပြင် တရားဥပဒေစိုးမိုးရေးနဲ့ လူ့အဖွဲ့အစည်းတွေ သဟဇာတရှိစေရေးကို ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ညီညွတ်တဲ့ စုပေါင်းအင်အားနဲ့ အမြော်အမြင်ကြီးစွာ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြဖို့ကိုလည်း သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဒုက္ခသည်တွေ သူတို့ဆန္ဒနဲ့ မြန်မာနိုင်ငံဘက် ပြန်လာလိုသူတွေကို ပြန်လည်လက်ခံရေးအတွက်လည်း ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံ သဘောတူ ကတိကဝတ်နဲ့အညီ ဆက်လက်ဆောင်ရွက်နေကြောင်းလည်း သဝဏ်လွှာမှာ ပါဝင်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ၄၄ နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကို ပြည်နယ်အစိုးရက ဦးဆောင်ပြီး စစ်တွေမြို့ ဦးဥတ္တမ ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။