ဆီဆိုင်မြို့မှာ ဒရုန်းဗုံးကြောင့် PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် ဒဏ်ရာရ
2024.02.20

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့ ဆိုက်ခေါင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလ ၁၉ ရက်မနက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ပအိုဝ်း အမျိုးသားအဖွဲ့ (PNO) ပြည်သူ့စစ်တပ်ဖွဲ့ဝင် နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒဏ်ရာရရှိသူတွေဟာ တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်လို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။
“ဆိုက်ခေါင် - လွယ်ပွတ်လမ်းဘေးက ဂိုဒေါင်လိုမျိုး အဆောက်အအုံကြီးတွေ ရှိတဲ့နေရာမှာဖြစ်တာ။ တော်လှန်ရေး အင်အားစုတွေဘက်က ဒရုန်းဗုံးနဲ့ချတာ PNO အသွင်ပြောင်း ပြည်သူ့စစ်တွေ မနေ့က စဝ်စံထွန်းဆေးရုံမှာပဲ နှစ်ဆယ်ကျော်လောက်ရှိတယ်။ ဒဏ်ရာရသူတွေ ထပ်ရောက်လာဖို့လည်း ရှိနေတယ်”
ဒါနဲ့ ပတ်သက်လို့ PNO အသွင်ပြောင်း ပြည်သူ့စစ် ကွပ်ကဲမှုစစ်ဌာနချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
ဒီတိုက်ခိုက်မှုကို ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) က ပြုလုပ်ခဲ့တာလို့ PNLA ပြောခွင့်ရသူတစ်ဦးက RFA ကိုပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ဆီဆိုင်မြို့အဝင် ဝါးတောကျေးရွာအနီးမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် နေရပ်ပြန်ပြီး ပစ္စည်းတွေပြန်လာယူတဲ့ ဒေသခံ ခုနစ်ဦး သေဆုံးခဲ့တယ်လို့ PNLA ကထုတ်ပြန်ထားပါတယ်။
အဲဒီလက်နက်ကြီးကိုတော့ ဆိုက်ခေါင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခဲ့တာလို့ဆိုပါတယ်။
ဆီဆိုင်မြို့ တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
PNLA ဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) ကို လက်မှတ်ထိုးထားပေမယ့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်ကစလို့ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်နဲ့ ဆီဆိုင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
တိုက်ပွဲတွေအတွင်း PNO ပြည်သူ့စစ်အဖွဲ့ဟာ စစ်ကောင်စီတပ်ဘက်က ပါဝင်တိုက်ခိုက်နေတာပါ။