မိုးထိမိုးမိ ရွှေဒုက္ခသည်များ ဖမ်းဆီးခံရ
2014.03.04

ရမည်းသင်းခရိုင် မိုးထိမိုးမိရွှေနယ်မြေမှာ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက မောင်းထုတ် လို့ နေထိုင်လုပ်ကိုင်ခွင့်ပျောက်ပြီး အဲဒီတောင်ခြေ က ရွှေမြင်တင်ဘုရားစောင်းတန်းမှာ ခေတ္တခိုလှုံနေတဲ့ ကလေး၊ လူကြီး၊ အမျိုးသမီး အယောက် ၄၀ ကျော်ကို မနေ့ညနေ ၅ နာရီလောက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကဖမ်းပြီး ရမည်းသင်းထောင်ကို ပို့လိုက်တယ်လို့သိရပါတယ်။
အဲဒီလူတွေအားလုံးကို ပုဒ်မ ၁၈၈ အရဖမ်းသွားတာ လို့သက်ဆိုင်ရာက ပြောဆိုတဲ့အကြောင်း သူတို့ကိုကူညီနေတဲ့ ရွှေမြင်တင်ကျောင်းတိုက်က သံဃာတော်တစ်ပါးက RFA ကို မိန့်ပါတယ်။
"တစ်ယောက်မှမကျန်ဘူး၊ အကုန်လုံးဖမ်းသွားတာ၊ ရဲ ၁၅ဝ လောက်ရယ် အဖွဲ့အစည်းပေါင်းစုံပေ့ါ၊ တိုင်းမင်းကြီး၊ ခရိုင်မင်းကြီး၊ ရဲမင်းကြီးတို့ အကုန်လုံးပါတယ်၊ ပုဒ်မ ၁၈၈ တပ်သွားတယ်၊ အသက် ၇၅ နှစ်ကျော်တဲ့ အဖွားကြီးတစ်ယောက်တောင်ပါသွားတယ်၊ ကလေးပေါက်စတွေက ၇ ယောက်၊ ၈ ယောက်လောက်ရှိတယ်၊ ရမည်းသင်းထောင်မှာ"
ပုဒ်မ ၁၈၈ ဆိုတာ ပြည်သူ့ဝန်ထမ်းရဲ့အမိန့်ကို မနာခံမှုအပေါ် အရေးယူနိုင်တဲ့ ပုဒ်မတစ်ခု ဖြစ်တယ် လို့သိရပါတယ်။
ရွှေအကြီးအကျယ်ထွက်တဲ့ အဲဒီမိုးထိမိုးမိတောင်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက မြန်မာပြည် ဒေသ အသီးသီးက သာမန်အရပ်သူအရပ်သားတွေ သွားရောက်အခြေချပြီး တပိုင်တနိုင် လုပ်ကိုင်စားသောက်နေရာမှာ၊ အမျိုးသား ကြီးပွားတိုးတက်ရေးကုမ္ပဏီက အစိုးရဆီကလုပ်ပိုင်ခွင့်ရပြီး ဝင်ရောက်လုပ်ကိုင်လာတဲ့နောက် အရင်ရောက်နှင့်နေတဲ့လူတွေကို ဖယ်ခိုင်းရာကနေ ပဋိပက္ခဖြစ်လာခဲ့တာပါ။
အဲဒီဒေသက နှင်ထုတ်ခံရတဲ့သူတွေဟာ ပြန်စရာနေရပ်ဒေသ မရှိတော့တဲ့အပြင် အလုပ်လက်မဲ့ ဖြစ်ကုန်တဲ့ အတွက် အဲဒီမိုးထိမိုးမိတောင်မှာ သူတို့တွေပြန်ပြီး လုပ်ကိုင်စားသောက်ခွင့်ရဖို့ တောင်းဆိုနေတဲ့ကာလ အတွင်း ရွှေမြင်တင်ဘုရားစောင်းတန်းမှာ ခေတ္တတည်းခိုနေကြတာဖြစ်ပါတယ်။
အဲဒီရွှေလုပ်သားမိသားစုတွေကို ဖမ်းသွားတဲ့အကြောင်းနဲ့ပတ်သက်လို့ သူတို့ခေတ္တခိုလှုံခဲ့တဲ့ ရွှေမြင်တင်ကျောင်းတိုက်က သံဃာတော်တစ်ပါးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။