မန္တလေးသတင်းထောက် အရိုက်ခံရတယ်ဆိုတာ မဟုတ်


2016.12.16
kyawthuramyo-620 မန္တလေး ဆေးရုံကြီးမှာ ဆေးကုသမှုခံယူတဲ့ Farmer ဂျာနယ်တိုက်ရဲ့ မန္တလေးသတင်း တာဝန်ခံ ကိုကျော်သူရမျိုး(ယာဘက်)ကို တွေ့ရစဉ်
ဓါတ်ပုံ - မန်းကိုကို

The Farmer Myanmar ဂျာနယ်ရဲ့ မန္တလေးသတင်းတာဝန်ခံ ကိုကျော်သူရမျိုးဟာ အရိုက်ခံရတဲ့ပုံစံမျိုး မဟုတ်ဘဲ ဆိုင်ကယ်လဲမှောက်တာသာ ဖြစ်နိုင်ကြောင်း ချမ်းအေးသာဇံမြို့နယ် အမှတ် ၃ ရဲစခန်းက သိရပါတယ်။

သတင်းထောက်က မီဒီယာတွေကို ပြောရာမှာ အရိုက်ခံရတယ်ဆိုတာ မဖြစ်နိုင်ဘဲ ဆိုင်ကယ်လဲတာကြောင့်ဖြစ်တဲ့ ပွန်းခြစ်ဒဏ်ရာမျိုးတွေသာ တွေ့ရတယ်လို့ ချမ်းအေးသာဇံမြို့နယ် အမှတ် ၃ ရဲစခန်းမှူး ရဲအုပ်ထိုက်လင်းစိုး က ပြောပါတယ်။

"ဒဏ်ရာတွေ အနေအထားအရ သူက အရိုက်ခံထားရတဲ့ အနေအထားမျိုး မဟုတ်ဘူးဗျ၊ ပွန်းခြစ်ဒဏ် ရာတွေ ဆိုတဲ့အခါကျတော့ သူဆိုင်ကယ်လဲပြီးတော့ ဖြစ်လာတဲ့ ဒဏ်ရာအမျိုးအစားတွေ၊ နောက်ပတ် ဝန်းကျင်က သူ့ကိုလာပြီးထူပေးတဲ့လူ၊ အဲ့လူတွေပြောပြချက်အရလည်း လူလူချင်းရိုက်တဲ့အနေအထားမျိုး၊ အသံတွေတို့ သူတို့က မမြင်ကြဘူး၊ မတွေ့ကြဘူးတဲ့၊ အဲ့လိုပဲ သူ့ကိုပြောပြလိုက်တယ်၊ အစ်ကိုပြောနေ တာ နည်းနည်းလွဲနေတယ်လို့ဆိုပြီး သူကိုယ်တိုင်ကလည်း နည်းနည်းဇဝေဇဝါဖြစ်သွားတယ်၊ တကယ်လို့ အမှုဖွင့်ချင်တယ်ဆိုလည်း ဖွင့်ပေးမယ် အဲဒါမျိုး ကျနော်တို့ကပြောလို့ သူလည်း သူ့လူကြီးတွေနဲ့ တိုင်ပင် ပြီးတော့ သူအမှုဖွင့်သင့်ရင် လာဖွင့်ပါမယ်ပေါ့ "

ဆိုင်ကယ်လဲနေချိန်မှာ လာရောက်ကူညီပေးသူတွေက ဆိုင်ကယ်စက်သံနဲ့ Signal မီးသံတွေ ကြားတာကြောင့် ထွက်လာကြတာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိကြောင်းလည်း ပြောပါတယ်။

လက်ရှိအချိန်ထိ ရိုက်နှက်ခံရမှုနဲ့ ရဲစခန်းမှာ လာရောက်အမှုဖွင့်တာ မရှိသေးဘူးလို့လည်း ရဲအုပ်ထိုက်လင်းစိုး က ပြောပါတယ်။

ကိုကျော်သူရမျိုး ကို မနေ့က RFA က မေးမြန်းခဲ့ရာမှာ လူ ၄ ယောက်ပါတဲ့အဖွဲ့က ရိုက်နှက်ခဲ့တာဖြစ်ကြောင်း၊ သူ့အနေနဲ့ အခင်းဖြစ်စဉ်အားလုံးကို မှတ်မိကြောင်း ဖြေကြားခဲ့ပါတယ်။ ဒီနေ့မှာ ဖုန်းနဲ့ ထပ်မံဆက်သွယ်ခဲ့ပေမဲ့ လက်ရှိအချိန်ထိ ဆက်သွယ်လို့မရသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။