ပြောက်ကျားဝတ်စုံ မဝတ်ဖို့နဲ့ တုတ်ဓါးလက်နက် မသယ်ဆောင်ဖို့ ရဲတပ်ဖွဲ့သတိပေးနှိုးဆော်


2016.04.14
police-thingyan-620.jpg ရန်ကုန်မြို့မှာ ဧပြီလ ၁၄ ရက် သြင်္ကန်အကြတ်နေ့က ရေပက်ခံကားတွေကို လိုက်လံစစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
.

သြင်္ကန်ရက်တွေမှာ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်အတွင်း ပြောက်ကျားဝတ်စုံတွေ ဆင်တူဝတ်ဆင်တာ၊ အလံတွေ ၊ တုတ်၊ ဓါး၊ လက်နက်ကိုင်ဆောင်ပြီး လည်ပတ်တာတွေမလုပ်ဖို့ မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က လူငယ်တွေကို လိုက်လံသတိပေးနှိုးဆော်ထားပါတယ်။

ဒေသတွင်းမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်းရှိတာကြောင့် ပြောက်ကျားဝတ်စုံတွေ မဝတ်ဆင်ဖို့ စည်းကမ်း ချက် ထုတ်ပြန်ရတာဖြစ်တယ်လို့ မော်လမြိုင်မြို့နယ်မှူး ရဲမှူးအောင်မြင့်က ပြောပါတယ်။

"ကျနော်တို့ပြောတဲ့ အတိုင်းအတာပေါ်မှာ သူတို့လိုက်နာတဲ့ အနေအထားတော့ရှိပါတယ်၊ သူတို့ဆီမှာပါလာရင် လည်း သိမ်းဆည်းတယ်ပေါ့၊ လုံခြုံရေးနဲ့ပတ်သက်လို့ သတိပေးတယ်ဆိုတာက လူငယ်တွေအနေနဲ့ ပျောက်ကြား ဝတ်စုံတွေ ဝတ်တာတို့ အဖွဲ့အစည်းတွေဘာတွေ ဒီမှာရှိတဲ့အတွက် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်အောင် ကျနော်တို့ကဆွေးနွေးတယ်၊ ဟောပြောတယ်၊ တိုက်တွန်းတယ်ပေါ့"

ဒါ့အပြင် သြင်္ကန်လည်ပတ်သူတွေအနေနဲ့ တုတ်၊ ဓါး၊ လက်နက်တွေ ကိုင်ဆောင်မယ်ဆိုရင် သိမ်းဆည်းမှာဖြစ်တဲ့ အကြောင်းကိုလည်း မော်လမြိုင်မြို့နယ် ရဲတပ်ဖွဲ့က လူစည်ကားရာ သြင်္ကန်မဏ္ဍပ်တွေ၊ လမ်းတွေမှာ လိုက်လံ အသိပေးထားတယ်လို့ ပြောပါတယ်။

မော်လမြိုင်မြို့ဟာ မနက်ဖြန် သြင်္ကန်အကြတ်နေ့မှသာ စတင်စည်ကားတာဖြစ်ပြီး သြင်္ကန်လည်ပတ်သူတွေဟာ ဆိုင်ကယ်တွေနဲ့အဖွဲ့လိုက် လည်ပတ်ကြသလို ဝတ်စုံတူတွေ၊ တုတ်တွေကိုင်ဆောင်ပြီး အလှပြကြတာများပါတယ်။

အလားတူ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ကလည်း ရန်ကုန်မြို့အတွင်း ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် အသက်သေ ဆုံးမှုတွေမရှိအောင် ကားတွေမှာ တုတ်၊ ဓား၊ လက်နက်တွေ ပါဝင်မှုရှိ၊ မရှိကို လည့်ကင်းတွေနဲ့ လိုက်လံစစ်ဆေးနေ သလို တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး မိုင်းရှာဖွေမှုတွေကို ရေကစားမဏ္ဍပ်ကြီးတွေမှာ တစ်နေ့ ကိုနှစ်ကြိမ် စစ်ဆေးနေပါတယ်။

ကားတွေမှာ အရက်ပုလင်းတွေ တင်ဆောင်လာတဲ့အခါမှာလည်း ရေသန့်ပုလင်းထဲ ပြောင်းထည့်ပေး တာတွေဆောင်ရွက်နေသလို လမ်းဘေးဈေးဆိုင်တွေမှာ ရောင်းချနေတဲ့ အရက်၊ ဘီယာ တွေကိုလည်း သိမ်းဆည်းတာတွေ ပြုလုပ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။