ဆွေးနွေးပွဲတက်ရောက် မယ့် ခေါင်းဆောင်တွေ ချင်းမိုင်မြို့ကို ရောက်ရှိ
2013.11.21
မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၁၁ ပါတီက ခေါင်းဆောင် ၁၁ ယောက်ဟာ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ အပါအဝင် ပြည်ပမှာရှိတဲ့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူ ခေါင်းဆောင်တွေ နဲ့ တွေ့ဆုံဆွေးနွေးဖို့အတွက် ဒီကနေ့ညနေပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို လေယာဉ်ခရီးနဲ့ ရောက်ရှိလာကြပါတယ်။
ဒီတွေ့ဆုံဆွေးနွေးပွဲမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စအပါအဝင် မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနဲ့ စိန်ခေါ်ချက်တွေ၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ နိုင်ငံတော်ရဲ့ နိုင်ငံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွေပါဝင်မှာဖြစ်ပြီး တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်စနစ်၊ ဖွဲ့စည်းအုပ်ချူပ်ပုံကိစ္စတွေကို ဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ပြည်တွင်း ပြည်ပမှာရှိတဲ့ ခေါင်းဆောင်တွေ အခုလိုတွေ့ဆုံနိုင်ဖို့ကိုတော့ မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းတို့ ဦးဆောင်စီစဉ်ခဲ့တာဖြစ်တယ်လို့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ပြောပါတယ်။
“အဓိကကတော့ ကျနော်တို့ သမ္မတကြီးရဲ့ All Inclusive မူဝါဒအပေါ်မှာ ဒီနိုင်ငံရေးပါတီတွေဘက်ကလည်း တောင်းဆိုလာတာတွေရှိပါတယ်၊ အဲ့လိုတောင်းဆိုလာတဲ့အတွက်ကြောင့် ကျနော်တို့ Myanmar Peace Center ကနေပြီးတော့ ဥက္ကဌလည်းဖြစ်တဲ့ နောက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးရဲ့ ဒုဥက္ကဌဖြစ်တဲ့ ဦးအောင်မင်းအနေနဲ့ ဒါကို ကတိပေးပြီးတော့ ဒီအစီအစဉ်ကို ဖန်တီးတာဖြစ်ပါတယ်၊ နောက်အရေးကြီးတဲ့ တစ်ချက်ကတော့ ကျနော်တို့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ လက်နက်ကိုင်မဟုတ်တဲ့ နိုင်ငံရေးပါတီတွေ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကလည်း ကျနော်တို့ Political Dialogue မှာ ပါလာမှာဖြစ်တဲ့အတွက်ကြောင့် သူတို့တွေနဲ့လည်း ကြိုပြီးတော့တင်ပြထားနိုင်ရင် ပိုပြီးတော့ ဒီထက်ပိုကောင်းမယ်လို့ ကျနော်တို့ ယူဆတဲ့အတွက်ကြောင့် ဒီအစီအစဉ်လေးကို ကျနော်တို့ ပံ့ပိုးကူညီတာပဲ ဖြစ်ပါတယ်”
နိုင်ငံရေးပါတီ ၁၁ ပါတီက တက်ရောက်မယ့် အဲဒီဆွေးနွေးပွဲမှာ ဆွေးနွေးကြမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲ တက်ရောက်မယ့် SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က ခုလိုပြောပါတယ်။
“အဓိကကတော့ ပြည်လုံးကျွတ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်မြောက်ဖို့ပေါ့၊ အဲဒါပဲဖြစ်ဖို့များပါတယ်၊ လိုင်ဇာပြီးတော့ မြစ်ကြီးနားမှာ အချက်နှစ်ချက် ဒါမှမဟုတ် သုံးချက်ပေ့ါ၊ အဲလိုမျိုးလေး နည်းနည်းကွဲနေတာရှိတယ်၊ ဒါတွေပြန်ညှိရမှာပါ၊ ကျနော်တို့ အနေနဲ့ကတော့ သိပ်မသေချာဘူး၊ သို့သော်လည်းပဲ တခြားပါတီတွေကတော့ လက်နိုင်ကိုင်အဖွဲ့တွေနဲ့ အဝင်အထွက်မရှိဘူးပေါ့၊ နည်းနည်းစိမ်းတယ်ပေါ့၊ အဲဒါတွေ့ပေးတာပါ၊ အခုက သူတို့အဆိုအရ Dialogue Partner ပေါ့၊ ဆွေးနွေးဖော် ဆွေးနွေးဖက်တွေ ဖြစ်လာမယ် ဆိုတဲ့အခါကျတော့ အခုကတည်းက တွေ့ထားဖို့”
နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ကြမယ့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေ၊ ပါတီတွေ တွေ့ဆုံဖို့အတွက် ခုလိုဆွေးနွေးပွဲတွေကို ကျင်းပတာဆိုပေမယ့် ဆွေးနွေးပွဲတွေကို တစ်ထိုင်တည်း ကျင်းပမှာမဟုတ်ဘဲ အဖွဲ့အစည်းတွေအလိုက် ဆွေးနွေးမှုတွေ ပြုလုပ်စေမှာဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်မယ့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက တာဝန်ရှိသူတွေက ပြောပါတယ်။
ချင်းမိုင်မြို့ကို ရောက်ရှိလာသူတွေထဲမှာ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဌ ဦးစိုင်းအိုက်ပေါင်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချူပ် SNLD ပါတီက အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် NLD ပါတီက ဒေါ်နန်းခင်ထွေးမြင့်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ဥက္ကဌ ဦးခင်မောင်ဆွေ၊ ချင်းတိုးတက်ရေးပါတီ CPP ဥက္ကဌ ဦးနိုးထမ်ကပ်၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ဦးနေမျိုးဝေတို့ ပါဝင်ပါတယ်။
မနက်ဖြန် နိုဝင်ဘာ ၂၂ ရက်နေ့ မနက်မှာတော့ ချင်းမိုင်မြို့အခြေစိုက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ခေါင်းဆောင်တွေ၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ NCCT က ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ WGEC က ခေါင်းဆောင်တွေ၊ အမျိုးသမီးများအဖွဲ့ချူပ် မြန်မာနိုင်ငံ WLB က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီနိုင်ငံရေးပါတီ ခေါင်းဆောင်တွေဟာ နိုဝင်ဘာ ၂၃ ရက်နေ့မှာလည်း ရှမ်းလူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က ခေါင်းဆောင်တွေ၊ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက် NDD အဖွဲ့က ခေါင်းဆောင်တွေနဲ့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီ DPNS က ခေါင်းဆောင်တွေနဲ့ ဆက်လက်တွေ့ဆုံသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မရတနာဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။
ချင်းမိုင်မြို့ ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။