မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေ

RFA Burmese
2023.05.22
မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေ မန္တလေးတိုင်း မြင်းခြံအကျဉ်းထောင်အား တွေ့ရစဉ်။
မင်းစစ်နိုင်၊ ကိုကိုနိုင်

မန္တလေးတိုင်း မြင်းခြံထောင်မှာ နိုင်ငံရေးအကျဉ်းသား ခြောက်ဦးကို မနေ့က ညနေပိုင်း ကစပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်တပ်က သီးခြားခေါ်ထုတ်ပြီးသွားပြီးနောက် အဲဒီလူတွေကို ပြန်လွှတ်ပေးဖို့ ကျန်ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေက မေလ ၂၂ ရက် ဒီနေ့ နေ့လယ်ပိုင်းကစလို့ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။

မြင်းခြံထောင် အဆောင် (၂) မှာရှိတဲ့ နိုင်ငံရေး ကျဉ်းသားတွေထဲက ကိုကျော်မင်းနိုင်၊ သက်မောင်မောင်၊ ကိုဥက္ကာ၊ ကိုကျော်မျိုးတင့်၊ ကိုစိုင်း (ခ) ကိုဇော်ဇော်အောင်နဲ့ ကိုအောင်မျိုးသန့်တို့ ခြောက်ဦးကို အကျဉ်းဦးစီး၊ ရဲနဲ့ စစ်တပ်တို့ ပါဝင်တဲ့ ပူးပေါင်း အဖွဲ့တွေက ခေါ်ထုတ်သွားတာလို့ ဆိုပါတယ်။

မနေ့က ညနေပိုင်းမှာ အဆောင်တွေကို တန်းပိတ်ထားပြီး ရုတ်တရက်ခေါ်ထုတ်သွား ခံရတာဖြစ်ပြီး ခေါ်ထုတ်ခံရသူတွေနဲ့ အဆက်အသွယ် မရတာကြောင့် အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ မြင်းခြံအကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“မနေ့က ညနေ ၅ နာရီ ၁၅ လောက် တန်းပိတ်ချိန်ကတည်းစ စခေါ်ခံရတာ။ ညအထိ နည်းနည်းစီ ခေါ်ထုတ်သွားတာ။ ဒီနေ့မှာလည်း ထပ်ခေါ်ထုတ်တယ်။ စုစုပေါင်း ခြောက်ဦး။ အခုထိ အဆက်အသွယ် မရသေးဘူး။ သူတို့အတွက် စိုးရိမ်ရတော့ အကျဉ်းသားတွေ ဒီနေ့ စပြီးဆန္ဒပြတာ”

အကျဉ်းထောင်ထဲမှာ ဒီနေ့နေ့လယ်ထိ လုံခြုံရေး တင်းကျပ်ထားပြီး အကျဉ်းသားတွေနေတဲ့ အဆောင်တွေကိုလည်း အပြင်ထွက်ခွင့်မပေးဘဲ ပိတ်လှောင်ထားသလို အင်းအားသုံး ရှာဖွေစစ်ဆေးတာတွေ လုပ်နေတယ်လို့လည်း သူက ပြောပါတယ်။

ခေါ်ထုတ်သွားခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက တစ်ဦးသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အခုခေါ်ထုတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲမှာ မြင်းခြံထောင်အပြင် မန္တလေးနဲ့ မုံရွာထောင်က ပြောင်းလာတဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါဝင်ပြီး အနည်းဆုံး ထောင် ၅ နှစ်ကနေ ၂၀ နှစ်ထိ ကျခံနေရသူတွေလို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၁၉ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူ ၁၈၂၁၈ ဦး ဖမ်းဆီးခံထားရပြီး အဲဒီအထဲက ၅၉၉၀ ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။