နိုင်ငံရေး အကျဉ်းသားစာရင်း ထုတ်ပြန်ပေးရန် အစိုးရကို လူ့အခွင့်အရေးအဖွဲ့ တိုက်တွန်း
2012.02.02

Photo: AFP
ဇန်နဝါရီ ၁၃ ရက်က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ အကျဉ်းသားတွေထဲမှာ နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၁၃၀ ပါဝင်ပြီး အခုသီတင်းပတ် အတန်ကြာ စာရင်း အသေးစိတ် ကောက်ယူ ပြုစုပြီးတဲ့နောက် လွတ်မြောက်သူ နိုင်ငံရေး အကျဉ်းသား ၂၉၉ ဦးရှိခဲ့ကြောင်း စာရင်း ထုတ်ပြန်နိုင်ခဲ့တာ ဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထိုင်းနိုင်ငံ ဘန်ကောက်ရုံး အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Benjamin Zawacki က ပြောပါတယ်။
မြန်မာအစိုးရ အနေနဲ့ ကုလသမဂ္ဂရဲ့အကူအညီယူပြီး နိုင်ငံရေး အကျဉ်းသားစာရင်း ပြုစုရေးနဲ့ နိုင်ငံရေး အကျဉ်းသား အဓိပ္ပာယ် ဖွင့်ဆို သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို ခေါ်ယူ ကျင်းပသင့်ကြောင်း၊ လွတ်မြောက်ပြီး နိုင်ငံရေး အကျဉ်းသားစာရင်းနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားစာရင်းတွေကို အများပြည်သူ သိအောင် ရှင်းရှင်းလင်းလင်း ထုတ်ပြန် ကြေညာသင့်ကြောင်း Mr. Zawacki ပြောသွားပါတယ်။