နိုင်ငံရေးအကျဉ်းသားတစ်ဦး ထောင်အပြင်ခေါ်ထုတ်ခံရပြီးနောက် သေဆုံး

RFA Burmese
2024.03.28
နိုင်ငံရေးအကျဉ်းသားတစ်ဦး ထောင်အပြင်ခေါ်ထုတ်ခံရပြီးနောက် သေဆုံး နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟ အား တွေ့ရစဉ်။
PPNM

တနင်္သာရီတိုင်း ထားဝယ်ထောင်မှာ နိုင်ငံရေးအကျဉ်းသားနှစ်ဦး အကျဉ်းထောင်ပြင်ပခေါ်ထုတ်ခံရပြီးနောက် အဲဒီအထဲက အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ကိုဝင်းသီဟ ဟာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ် လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူတွေက မတ်လ ၂၈ ရက် ဒီနေ့မှာ RFA ကို ပြောဆိုပါတယ်။

မတ်လ ၁၅ ရက်နေ့က ထားဝယ်ထောင်ကို စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့ပြီးနောက် အကျဉ်းထောင်ထဲမှာ မိုဘိုင်းဖုန်း တွေ့တယ်ဆိုပြီး နိုင်ငံရေး အကျဉ်းသားတချို့ တိုက်ပိတ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကိစ္စတွေနဲ့ဆက်စပ်လို့ မတ်လ ၁၆ ရက်နေ့မှာ ကိုဝင်းသီဟနဲ့ နောက်ထပ်နိုင်ငံရေး အကျဉ်းသားတစ်ဦးတို့ကို ထောင်အာဏာပိုင်တွေက အကျဉ်းထောင်ပြင်ပကို ခေါ်ထုတ်သွားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဲဒီလိုခေါ်ထုတ်ခံရပြီးနောက် ထွက်ပြေးဖို့ကြံစည်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“အဲဒီ ၁၆ ရက်နေ့ခေါ်ထုတ်သွားပြီးချိန်မှာတင်ပဲ လုံခြုံရေးအကြောင်းပြပြီးတော့မှ ထွက်ပြေးရန်ကြံစည်လို့ ဆိုပြီး ပစ်ခတ်လိုက်တာမှာ သေဆုံးသွားတယ်ဆိုပြီး ထောင်အာဏာပိုင်တွေဘက်က ပြောလာတာ”

နောက်ထပ် ထားဝယ်ဒေသခံတစ်ဦးကလည်း ကိုဝင်းသီဟ သေဆုံးတာမှန်ကန်ကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ မိသားစုကို ထောင်အာဏာပိုင်တွေက အကြောင်းကြားလာပေမယ့် ရုပ်အလောင်းကို မိသားစုကပြန်မရခဲ့ကြောင်း RFA ကို ပြောပါတယ်။

ကိုဝင်းသီဟသေဆုံးမှုနဲ့ ပတ်သက်လို့ RFA က သူ့ရဲ့ မိသားစုဝင်တွေကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

ဒီခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဒီနေ့တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

သေဆုံးသူ ကိုဝင်းသီဟကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁ (ဂ)၊ ၅၂ (က) တို့နဲ့ ထားဝယ်ထောင်မှာ ထောင်ဒဏ် ခုနစ်နှစ် ကျခံနေရတာပါ။

သူနဲ့အတူထောင်ပြင်ခေါ်ထုတ်ခံရတဲ့ နောက်ထပ် နိုင်ငံရေးအကျဉ်းသားတစ်ဦးကတော့ ဒီနေ့အထိ သတင်းအစအနမရဘဲ ပျောက်ဆုံးနေတယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

အဲဒီနိုင်ငံရေးအကျဉ်းသားရဲ့ ကိုယ်ရေးအချက်အလက်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မတ်လ ၂၇ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်လို့ လူနှစ်သောင်းကျော် (၂၀,၂၈၀ ဦး) ဖမ်းဆီးခဲ့ထားရဆဲဖြစ်ပြီး အဲဒီအထဲက လူကိုးထောင်နီးပါး (၈၈၇၅ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။